အစ္စလာမ်ဘာသာအကြောင်း

တည်ထောင်သူ - အာရပ်လူမျိုး မိုဟာမက်။
မွေးဖွားသည့်နှစ် - ခရစ်နှစ် ၅၇၀ (အေဒီ ၅၇၀)။
တည်ထောင်သည့်နှစ် - ခရစ်နှစ် ၆၁၀ (အေဒီ ၆၁၀)။
မဒီနာသို့ထွက်ခွာသည့်နှစ် - ခရစ်နှစ် ၆၂၂ (အေဒီ ၆၂၂)။
ကွယ်လွန်သည့်နှစ် - ခရစ်နှစ် ၆၃၂ (အေဒီ ၆၃၂)။
စတင်ပေါ်ပေါက်ရာဌာန - အာရေဗျ နိုင်ငံ၊ မက္ကာမြို့။
ဘာသာ၏ အထွတ်အထိပ်ပုဂ္ဂိုလ် - အလ္လာဟ်ဘုရားသခင်။
ပဓာနကျမ်းဂန် - ကိုရန်ကျမ်းမြတ်။

အခြေခံ ယုံကြည်ချက်များ "အစ္စလာမ်" သည် အာရဗီ ဘာသာစကား ဖြစ်၏။ "နာခံခြင်း" ဟု အဓိပ္ပာယ်ရ၏။ အလ္လာဟ် ဘုရားသခင်၏ အမိန့်တော်ကို နာခံခြင်းကိုပင် အစ္စလာမ်ဟု ခေါ်ခြင်းဖြစ်သည်။ အလ္လာဟ်ဘုရားသခင်၏ အမိန့်တော်ကို နာခံသူတိုင်း အစ္စလာမ် ဘာသာကို ကိုးကွယ်သော မူဆလင်များ ဖြစ်ကြသည်။ ဘာသာကို အစ္စလာမ် ဟုခေါ်၍ ထိုဘာသာ ကိုးကွယ်သူကို မူဆလင်ဟု ခေါ်ခြင်းဖြစ်သည်။ မိုဟာမက် တည်ထောင်သော ဘာသာဖြစ်၍ မဟာမေဒင် ဘာသာဟုလည်း ခေါ်ကြသည်။

ကမ္ဘာကြီးနှင့် သတ္တဝါတွေကို အလ္လာဟ်အရှင်မြတ်က ဖန်ဆင်းသည်။ အလ္လာဟ်အရှင်မြတ်သည် ကမ္ဘာ၏ ပထမဆုံး လူသားအဖြစ် အာဒမ် ( Adam ) အမျိုးသား နှင့် ဧဝ ( Eve ) အမျိုးသမီးတို့ကို ဖန်ဆင်းသည်။ သူတို့ နှစ်ယောက် လူသားတွေ ဆက်ကာဆက်ကာ ပေါက်ပွါးလာကြ၏။

အစ္စလာမ် ဘာသာတွင် ပဓာနအားဖြင့် ယုံကြည်ရမည့် အချက်ကြီးများမှာ - ကမ္ဘာကို ဖန်ဆင်းအုပ်စိုးသော အလ္လာဟ် အရှင်မြတ်ကို ယုံကြည်ရမည်။

အလ္လာဟ် ၏ အမိန့်အတိုင်း ဆောင်ရွက်ရသော ကောင်းကင် တမန်များကို ယုံကြည်ရမည်။

တမန်တော်ကြီး၊ တမန်တော်ကလေးများကို ယုံကြည်ရမည်။ တမန်တော်ကြီးများမှာ အာဒမ်၊ နောဧ၊ အေဗရာဟင်၊ မိုးဇက်၊ ယေရှုတို့ ဖြစ်ကြသည်။ မိုဟာမက်မှာ အကြီးမြတ်ဆုံး တမန်တော်ဖြစ်သည်။

တရား ဆုံးဖြတ်မည့်နေ့ကို ယုံကြည်ရမည်။ တရား ဆုံးဖြတ်မည့်နေ့တွင် လူတွေအားလုံး သေရာမှ ပြန်ရှင်လာကြပြီး အလ္လာဟ်အရှင်မြတ် အထံ၌ တရားအဆုံးဖြတ် ခံရမည်။

တလောကလုံး ဖြစ်ပျက်သမျှသည် အလ္လာဟ် အရှင်မြတ်၏ အလိုတော်အတိုင်းသာ ဖြစ်ပျက်နေခြင်း ဖြစ်သည်။

အစ္စလာမ် ဘာသာ၌ အခြေခံ အချက်ကြီး ငါးချက်ရှိသည်။

ယင်းတို့မှာ - အလ္လာဟ် အရှင်မြတ်သည် တဆူတည်းသော ဘုရားသခင် ဖြစ်သည်။ မိုဟာမက် သည် အကြီးမြတ်ဆုံးသော တမန်တော် ဖြစ်သည်။

တနေ့လျှင် ၅ ကြိမ် ဘုရား ဝတ်ပြုရမည်။

ဆင်းရဲသားများအား ကျွေးမွေး ပေးကမ်း ရမည်။

ရမ်မဇမ်လ၌ ဥပုသ် စောင့်ရမည်။

ငွေကြေး တတ်နိုင်သူများ ဆော်ဒီအာရေဗျ နိုင်ငံ မက္ကာမြို့သို့ ဘုရားဖူး သွားရမည်။ ( ဟာ့ဂျ် သွားသည် ဟု ခေါ်ကြသည်။ )

အစ္စလာမ် ဘာသာ၏ အရေးကြီးလှသော သင်ကြားချက်တခုမှာ "ရုပ်တုကို ရှိမခိုးရ၊ မကိုးကွယ်ရ" ဟူ၍ ဖြစ်သည်။

ပေါ်ပေါက်လာပုံ အာရေဗျနိုင်ငံ မက္ကာမြို့သည် တမန်တော် မိုဟာမက် မပေါ်ထွန်းမီ အေဒီ ၆ ရာစု အစပိုင်းကတည်းက ဘုရားဖူးများဖြင့် စည်ကား၏။ ယင်းသို့ စည်ကားခြင်းမှာ ဘာသာရေး အရ အချက်အချာ ကျသောကြောင့်သာ မဟုတ်၊ အရှေ့တောင်ဘက်တွင် အိန္ဒိယပြည်နှင့် ပါးရှားပြည်၊ မြောက်ဘက်တွင် ဆီးရီးယားနိုင်ငံ၊ အနောက်မြောက်ဘက်တွင် အီဂျစ် နိုင်ငံများရှိရာ ကုန်သွယ်ရေး လမ်းကြောင်း ဗဟို၌ တည်ရှိနေသဖြင့် စီးပွါးရေး အရ အချက်အချာ ကျသောကြောင့်လည်း ဤမျှ စည်ကားနေခြင်း ဖြစ်ဟန်တူပေသည်။

ဤ အချက်သည်ပင် အစ္စလာမ်ဘာသာ ပေါ်ထွန်းလာရခြင်း၏ အကြောင်း တစိတ်တဒေသ ဖြစ်နိုင်ပေသည်။ နိုင်ငံရပ်ခြား စီးပွါးရေးသမားများသည် ဘာသာရေးသမားများစုဝေးရာဖြစ်သော ကအာဗာ ဝတ်ကျောင်းတော်နှင့် အစ္စမေးလ် ၏ ရေကြည်တော်တွင်းတို့၌ လူစည်ကားနေသည်ကို တွေ့ရသောအခါ စီးပွါးရေး လာဘ်မြင်သူများ ဖြစ်ကြသည့်အတိုင်း စီးပွားရေးအရ အမြတ်ထုတ်ကြခြင်း ဖြစ်လေသည်။ ထို့ကြောင့်ပင် မက္ကာသည် ဈေးမြို့ ဖြစ်လာရုံမျှမက ကအာဗာ ဝတ်ကျောင်းတော် တဝိုက်သည်လည်း ဈေးရပ်ကွက်သဖွယ် ဖြစ်လာရဟန်တူပေသည်။

ဤသို့သော နေရာများသည် အပျော်အပါး လောင်းကစားသမားများ၊ အမူးသမားများ ကျက်စားစရာ ဖြစ်ပေသည်။ လူမျိုးစုံသော နေရာ၌ ကိုးကွယ်မှုမျိုးစုံလာကာ ကိုးကွယ်စရာ ရုပ်တုတွေလည်း များပြားလာခြင်း ဖြစ်ပေသည်။
ကအာဗာ ဝတ်ကျောင်းတော်၌ ဘုရားဖူး စည်ကားသည်ကို ထောက်ဆခြင်းအားဖြင့် တမန်တော် မိုဟာမက် မပေါ်ထွန်းမီအချိန်က ဂျူးဘာသာ ခရစ်ယာန် ဘာသာတို့ကို ကိုးကွယ်သူများကြဟန် တူပေသည်။ ဇိုရိုအက်စတား ဘာသာဝင်များလည်း မရှိဟု မဆိုနိုင်ချေ။ သို့သော် အများစုသည် စင်ကြယ်သော ဘာသာတရားကို ကိုးကွယ်ကြဟန် မတူပေ။

မိုဟာမက် ဖွားမြင်ခြင်း ဤသို့သော အခြေအနေတွင် တမန်တော် မိုဟာမက်ကို မွေးဖွားလာခြင်း ဖြစ်၏။ သူသည် မက္ကာမြို့တွင် ခရစ်နှစ် ၅၇၀ ခုနှစ်၌ ဖွားမြင်သူဖြစ်သည်။ မိခင်မှာ အာမေနတ်၊ ဖခင်မှာ အဗ္ဗဒူလာ ဖြစ်သည်။ သူ မမွေးဖွားမီကလေးတွင် ဖခင် ကွယ်လွန်သွား၍ ဖခင်၏ မျက်နှာကို သူ မမြင်လိုက်ရပေ။ မိခင်သည်လည်း သူခြောက်နှစ်သား အရွယ်တွင် ကွယ်လွန်သွား၏။ သူ့ကို သူ့ ဦးလေး အဘူတလစ်က ကျွေးမွေး စောင့်ရှောက်ထားရ၏။

မိုဟာမက် လူလားမြောက်လာသောအခါ ဆီးရီးယား နိုင်ငံသို့ကုလားအုပ်များဖြင့် ကုန်ကူးသွားသော ကုန်သည်များကို ဦးဆောင်လမ်းပြ လုပ်ရ၏။ သူ၏ အလုပ်အကိုင် ကျွမ်းကျင်မှုကြောင့် ပစ္စည်းချမ်းသာလှသော ကလေးသုံးယောက် မိခင် မုဆိုးမကြီး ခဒီဂျာက မိုဟာမက်ကို သူ၏ ကိုယ်စားလှယ်အဖြစ် ခန့်အပ်ကာ အဆိုပါ နိုင်ငံများသို့ ကုန်ကူးသန်းရန် စေလွှတ်၏။ မိုဟာမက်၏ ကျွမ်းကျင်မှု၊ သစ္စာရှိမှု၊ စိတ်ကောင်းရှိမှုတို့ကြောင့် ခဒီဂျာက မိုဟာမက်ကို အိမ်ထောင်ဘက်အဖြစ် ရွေးလိုက်၏။ ထိုအချိန်၌ ခဒီဂျာက အသက် ၅၀ ရှိပြီ ဖြစ်၍ မိုဟာမက်က ၂၅ နှစ်မျှသာ ရှိသေး၏။ သို့သော် အိမ်ထောင်ရေးသုခကို ရကြသည်ဟု ဆို၏။

အစ္စလာမ်ဘာသာ၏ အစ ခဒီဂျာနှင့် လက်ထပ်ပြီးသောအခါ မိုဟာမက်၌ အချိန်အား ရသဖြင့် အားလပ်သည့် အချိန်များတွင် တဦးတည်း တိတ်ဆိတ်စွာ ထိုင်လျက် တရားနှလုံးသွင်း ဆင်ခြင်၏။ အထူးသဖြင့် သူသည် မက္ကာ၏ လက်ရှိ ဘာသာရေး အခြေအနေကို ဘဝင်မကျနိုင်သဖြင့် ဘာသာတရားကို ပိုမို တိုးတက်ကောင်းမွန်အောင် ပြုပြင်နိုင်မည့် နည်းလမ်းကို အပြန်ပြန် အလှန်လှန် ဆင်ခြင် သုံးသပ် ရှာဖွေနေ၏။
ထိုသို့ ဆင်ခြင် သုံးသပ်နေစဉ် တညတွင် ကောင်းကင်တမန် ဂေဗရီယယ် သူ့ရှေ့၌ ပေါ်လာပြီးလျှင် ဘုရားသခင်၏ ဗျာဒိတ်တော်ကို ပေး၍ အဖတ်ခိုင်း၏။

မိုဟာမက်သည် ဝမ်းသာအားရနှင် အိမ်သို့ ပြေးသွားပြီးလျှင် သူ၏ ထူးဆန်းသော အဖြစ်အပျက်များကို သူ့ဇနီးအားပြောပြ၏။ ခဒီဂျာက အကြွင်းမဲ့ ယုံကြည်၏။ ကာလ အတန်ကြာသော် မိုဟာမက်သည် သူ့ကိုယ်သူ ဘုရားသခင် ရွေးချယ်သော တမန်တော်အဖြစ် ယုံကြည်ယူဆကာ သူ့မိသားစုနှင့် ဆွေမျိုးများကို စ၍ တရားဟောတော့၏။

ဘုရားဖူးသူများအား တရား စဟောခြင်း ဆွေမျိုးများထဲမှ သူ့တရားကို ယုံကြည်လက်ခံသူ အတော်များများ ရှိလာသော အခါ ကအာဗာ ဘုရား ဝတ်ကျောင်းတော်သို့ သွား၍ ဘုရားဖူးသူများအား တရားဟောလေသည်။ သူ့တရားကို "အလ္လာဟ် အရှင်မြတ်မှတပါး ဘုရားမရှိ၊ မိုဟာမက်ဟာ အလ္လာဟ်အရှင်မြတ်၏ တမန်တော်ဖြစ်သည်" ဟူသော စကားမှ စ၍ ဟောသည်။ လူတွေက သူ့တရားကို မယုံကြည်ကြရုံမျှမက သူ့ကို ပြောင်လှောင် ရယ်မောကြ၏။

သို့သော် မိုဟာမက်ကား မလျှော့။ ဆက်လက်၍ ဟောမြဲ ဟောလေ၏။

မဒီနာသို့ ရွှေ့ပြောင်းရခြင်း အတန်ကြာသော် တမန်တော် မိုဟာမက်သည် ရုပ်တု ကိုးကွယ်မှု ဆန့်ကျင်ရေး၊ အရက်နှင့် လောင်းကစား ဆန့်ကျင်ရေးတရားများကိုပါ ဟောလေသည်။ ကအာဗာ ဝတ်ကျောင်း တော်နှင့် အစ္စမေးလ် ရေကြည်တော်တွင်းကို မှီ၍ စီးပွါးရှာနေကြသော စီးပွါးရေးသမားများ၏ မူမမှန်သော လုပ်ရပ်များကိုပါ ထုတ်ဖော် ထိပါး၍ ဟောကြား၏။ ဤတရားများက တမန်တော်ကို ရန်များလာစေသည်။

သို့နှင့် အထိပါးခံရသူများသည် တမန်တော်ကို သတ်ရန်စီစဉ်ကြ၏။ သူတို့၏ အစီအစဉ်ကို တမန်တော် ကြိုတင် သိ၍ သတ်မည့်ညတွင် ကုလားအုပ်စီးလျက် နောက်ပါ အချို့နှင့် အတူ ယသရစ်မြို့သို့ရွှေ့ပြောင်းလွတ်မြောက်သွား၏။ ယသရစ်မြို့ကိုလည်း မဒီနာဟု နာမည်ပြောင်းလိုက်၏။

ယင်းသို့ ထွက်ပြေးသွားသော နှစ်မျာ ခရစ်နှစ် ၆၂၂ ခုနှစ် ဖြစ်၏။ ထို အချိန်တွင် တမန်တော်၏ အသက် ၅၃ နှစ်ရှိပေပြီ။

ခုနှစ် ရေတွက်ပုံ အစ္စလာမ် ဘာသာ၌ တမန်တော် မဒီနာ သို့ ရွှေ့ပြောင်းသော ညသည် အလွန်အရေးပါလှ၏။ အကြောင်းမှာ မိုဟာမက်၏ တရားတော်များကို မဒီနာမှစ၍ ထိရောက်စွာ ဟောပြော ဖြန့်ဖြူးနိုင်သောကြောင့် ဖြစ်၏။ ထို့ကြောင့် မူဆလင်တို့သည် ခုနှစ်ကို ရေတွက်လျှင် တမန်တော် မိုဟာမက် မဒီနာသို့ ထွက်ခွာသောနှစ်မှ စ၍ ရေတွက်ကြ၏။ သို့ဖြစ်ရာ ခရစ်နှစ် ၆၂၂ ခုနှစ်သည် မူဆလင်တို့ ဟိဂျရိ နှစ်အရ ၁ နှစ် ဖြစ်လေသည်။

ဗုဒ္ဓသာသနာနှစ် ရေတွက်ပုံမှာ ဗုဒ္ဓမြတ်စွာ ပရိနိဗ္ဗာန်စံသောနှစ်မှ စ၍ ရေတွက်၏။ ကမ္ဘာသုံး ခရစ်နှစ် ရေတွက်ပုံမှာ ယေရှုခရစ် မွေးဖွားသော နှစ်မှ စ၍ ရေတွက်၏။ ထို့ကြောင့် ယေရှုခရစ် မမွေးဖွားမီ နှစ်များကို (B.C) ဟု အတိုကောက် ရေး၍ မွေးဖွားပြီးနောက် နှစ်များကို (A.D) ဟု အတိုကောက် ရေးကြ၏။
တိုက်ယင်း ဖြန့် မဒီနာမြို့၌ တမန်တော် မိုဟာမက်၏ တရားများကို လူ အများအပြား ယုံကြည်လက်ခံကြ၏။ ဂျူးတို့ကမူ လက်မခံကြချေ။ မိုဟာမက် ကို မဒီနာမြို့သားတို့ လေးစားချစ်ခင်ကြ၏။ မြို့၏ အကြီးအကဲ အဖြစ် တင်မြှောက်ကြ၏။

မက္ကာမှ တမန်တော်၏ ရန်သူများသည် တမန်တော်ကို မဒီနာအထိ လိုက်၍ သတ်ရန် စီစဉ်ကြ၏။ သူသည် ထိုရန်ကို ခုခံ တွန်းလှန်နိုင်ရန် စစ်သားများ စုဆောင်း၍ စစ်တပ် ဖွဲ့လိုက်ပြီးလျှင် ရန်သူများနှင့် ရင်ဆိုင် တိုက်ခိုက်ခဲ့ရာ တဖြည်းဖြည်း စစ်ပွဲအဖြစ် ရောက်သွားတော့၏။ စစ်ပွဲပေါင်း များစွာတွင် တမန်တော်၏ တပ်သားများက အောင်နိုင်ကြ၏။ ဤ နည်းဖြင့် မိုဟာမက်သည် အစ္စလာမ် သာသနာကို တည်ထောင် ဖြန့်ဖြူးရ၏။ မက္ကာကိုကား မသွားနိုင်သေးပေ။

အောင်ပွဲ ခရစ်နှစ် ၆၃၀ ခုနှစ်၊ တိဂျရိ (အစ္စလာမ်နှစ်) ၈ နှစ်မြောက်သောအခါ မိုဟာမက်သည် တပ်သားတသောင်းပါဝင်သော တပ်မကြီးဖြင့် မက္ကာသို့ ချီတက်သွားရာ မက္ကာ မြို့သားတို့က ကြောက်လန့်၍ မြို့မှ ထွက်ပြေးကြ၏။ တမန်တော်သည် မည်သူ့ကိုမျှ ရန်မပြုပဲ ကအာဗာ ဝတ်ကျောင်းတော်သို့သာ တန်းတန်း မတ်မတ် ချီတက်သွားပြီးလျှင် သုံးရာခြောက်ဆယ်သော ရုပ်တုတို့ကို ဖျက်ဆီးစေပြီးနောက် အေးဆေးစွာ ဘုရားဝတ်ပြုနေလေ၏။

ဟာ့ဂျ် သွားခြင်း၏ ရည်ရွယ်ချက် ကအာဗာ (Kaaba) ဆိုသည်မှာ ကျောက်တုံးနက် ဖြစ်၏။ ယင်း ကျောက်တုံးနက်ကို ကမ္ဘာဦးလူ တမန်တော်အာဒမ်က ကောင်းကင်ဘုံမှ ယူခဲ့ပြီးလျှင် ဤမက္ကာမြို့ ဖြစ်လာမည့်နေရာ၌ ကျောင်းဆောက်ကာ သိမ်းဆီးထားခဲ့ခြင်း ဖြစ်သည်ဆို၏။ မက္ကာသို့ ကမ႓ာ့နိုင်ငံ အနှံ့အပြားမှ ဘုရားဖူးသွားကြသူများသည် ဤ ကျောက်တုံးနက်ကို ဖူးမြော်ရန် သွားကြခြင်းဖြစ်သည်။ အခြား ဝတ်ပြုမှုတွေ ရှိသေးသော်လည်း ဤကျောက်တုံးနက်သည် လိုရင်းဖြစ်သည်ဆို၏။

မက္ကာ မြို့သားတို့သည် မိုဟာမက် ရန်ပြုရန် လာခြင်းမဟုတ်ကြောင်း သိကြသောအခါ မြို့သို့ ပြန်လာပြီးလျှင် မိုဟာမက်ထံ စုဝေး ရောက်လာကြ၏။ တမန်တော်က ဆုံးမ ဩဝါဒစကား ပြောကြားပြီးလျှင် တရားဟော၏။ မြို့သား အများစု ကျေကျေနပ်နပ်ဖြင့် တမန်တော်၏ တရားကို ယုံကြည်လက်ခံကြ၍ မူဆလင်တွေ ဖြစ်လာကြ၏။

နောက်ဆုံး ဩဝါဒ တမန်တော် မိုဟာမက်သည် စစ်သား တယောက်မျှ မက္ကာတွင် ချန်မထားခဲ့ပဲ မဒီနာသို့ အေးဆေးစွာ ပြန်ခဲ့၏။ နောင် ၂ နှစ် အကြာတွင် မက္ကာသို့ ဘုရားဖူး တဖန် သွားပြန်ပြီးနောက် မဒီနာသို့ ပြန်ရောက်သောအခါ တပည့်တို့ကိုခေါ်၍ နောက်ဆုံး ဩဝါဒကို ပေးလေသည်။ ယင်း ဩဝါဒမှာ "အလ္လာဟ် အရှင်မြတ်ကို ယုံကြည်ရမည်။ ရုပ်တုကို ဘယ်တော့မှ မကိုးကွယ်ရ။ ဆင်းရဲသူများကို သနားကြင်နာရမည်။ အလုပ်သမားကို သူ၏ ကိုယ်မှ ချွေးမခြောက်မီ သူ၏ လုပ်ခကို ပေးရမည်" ဟု စသော ဟောနေကျ တရားများပင် ဖြစ်၏။

သုံးလ ကြာသောအခါ အသက် ၆၃ နှစ် အရွယ်တွင် တမန်တော် မိုဟာမက်သည် အလ္လာဟ်အရှင်မြတ်၏ အမိန့်တော်ကို နာခံသွားလေသည်။


မှတ်ချက်ပေးရန်

အကြံပေး မေးမြန်းလိုလျှင် ဒီထဲမှာမှတ်ချက်ပေးခဲ့ပါ။