သာသနာ့အလံတော်

သာသနအလံတီထွင်သူ နှင့် သာသနအလံအကြောင်း သိမှတ်ဖွယ်ရာများ
*************************
သာသနာ့အလံ တီထွင်သူ အမှန် (၁၈၈၅) ခုနှစ်၊ ဧပြီလ(၂၈)ရက်တွင် (သီဟိုဠ်ကျွန်း) သီရိလင်္ကာနိုင်ငံတွင် ကဆုန်လပြည့် (ဗုဒ္ဓနေ့)ကို ခမ်းနားကြီးကျယ်စွာ ကျင်းပရန် အထူးအစီအစဉ်ရှိ နေသည့် အတွက် ဗုဒ္ဓနေ့ အထိမ်းအမှတ်ပွဲတော်ကြီးနှင့် အခြား ဘာသာရေးပွဲတော်များတွင်ပါ သာသနာ့အလံတော်ကို အမှတ်တရ အဖြစ်လွှင့်ထူရန် စဉ်းစားခဲ့ကြသည်။ ထို့ကြောင့် ဗုဒ္ဓဘာသာဝင်ဖြစ်သော ကိုလံဘို မြို့သူမြို့သားတို့သည် မိရိုးဖလာ ကိုးကွယ်မှုအထိမ်းအမှတ်အဖြစ် ဗုဒ္ဓအလံတော် တစ်ခုကို တီထွင်ပြုလုပ်ရန်အတွက်  ကြိုးပမ်းခဲ့ကြ၏။

ထိုအလံတော်ကို (၁၈၈၅) ခုနှစ်တွင်ပြုလုပ်ခဲ့သော်လည်း ဗုဒ္ဓအလံတော်ကို ကမ္ဘာအရပ်ရပ်က အသိအမှတ် ပြုလာကြသည်မှာ နှစ်ပေါင်း ၁၀၀ ကျော်ခန့်မျှသာ ရှိပေသေးသည်။ ကမ္ဘာ့ဗုဒ္ဓသာသနာ့အလံတော်အဖြစ် (၁၉၅၁) ခုနှစ်သို့ ရောက်သောအခါမှသာ ကမ္ဘာတစ်ဝန်းလုံးတွင်ရှိသော ဗုဒ္ဓဘာသာဝင်နိုင်ငံများမှ လက်ခံလာခြင်းဖြစ်သည်။

တီထွင်သူ အစစ်

(သာသနာ့အလံကို ကနဦး တီထွင်သောသူသည်  စီ ပီ ဂုဏဝဎ္ဍန ခေါ် ကာရိုလစ် ပူဂျသ ဂုဏဝဎ္ဍန (Carollis Pujitha Gune Wardene) ဖြစ်သည်။)

စီပီဂုဏဝဎ္ဍန(C.P. Gune Wardene)

စီပီဂုဏဝဎ္ဍန သည် ၁၈၅၄-ခုနှစ်၊ ဖေဖော်ဝါရီလ (၁၆)ရက်နေ့တွင် ဖွားမြင်သူဖြစ်သည်။ ထိုအချိန်ကာလက သီဟိုဠ်တွင် ခရစ်ယာန်သာသနာ လွှမ်းမိုးနေချိန်ဖြစ်သည်။ ထို့ကြောင့် ဗုဒ္ဓဘာသာ ပြန်လည်ထွန်းကားရေး နှင့် ဗုဒ္ဓဘာသာဝင်တို့ ဆုံးရှုံးနေသော အခွင့်အရေးများ ပြန်ရရေးအတွက် “ဗုဒ္ဓသာသနာ ကာကွယ်ရေး ကော်မတီ” ကို ၁၈၈၄-ခုနှစ် ဇန်နဝါရီ(၂၇)ရက်နေ့ တွင် ထူထောင်ခဲ့သည်။ ထိုအသင်းတွင် ဟင်နရီစတီး
အိုးကော့ က စီပီဂုဏဝဎ္ဍန ကို အကျိုးတော်ဆောင် အဖြစ် ခန့်အပ်သည်။ စီပီဂုဏဝဎ္ဍန သည် ဗုဒ္ဓသာသနာ ပြန်လည်ထွန်းကားရေးအတွက် နှစ်ပေါင်း (၄၀)ခန့်အင်တိုက်အားတိုက် ဆောင်ရွက်ခဲ့လေသည်။

စီပီဂုဏဝဎ္ဍန က “ခရစ်ယာန်ဘာသာဝင်များ အတွက် ကြက်ခြေနီ အထိမ်းအမှတ် ရှိသကဲ့သို့ ကမ္ဘာ့ဗုဒ္ဓ သာသနာဝင် အားလုံး အသုံးပြုနိုင်ရန် အလံတော်ကို ဗုဒ္ဓနှင့် သက်ဆိုင်သည့် ရောင်ခြည်တော် ခြောက်ပါး ပါသော အရောင်တို့ကို အသုံးပြုရန်” အကြံပေး တင်ပြခဲ့သည်။ ၎င်း အကြံပေး တင်ပြသော ဗုဒ္ဓသာသနာ့ အလံကို ၁၈၈၅-ခုနှစ် ကဆုန်လပြည့်(ဗုဒ္ဓနေ့)၌ တင်ရန် ကော်မတီဝင် အားလုံးက လက်ခံခဲ့ကြသည်။ ၎င်းအလံပုံစံကို သရသဝိ သန္ဒရေသ ( Sarasavi Sandaresa ) စာစောင်တွင် အချပ်ပိုထည့်၍ ၁၈၈၅-ခုနှစ်၊ ဧပြီလ(၁၇)ရက် တွင် ဖော်ပြခဲ့သည်။ သို့သော် ထိုစဉ်က အလံပုံစံ တီထွင်သူ၏ အမည်ကို မဖော်ပြခဲ့ချေ။ သို့သော် စီပီဂုဏဝဎ္ဍန ကွယ်လွန်ပြီးနောက် နှစ်နှစ်အကြာ ၁၉၂၈-ခုနှစ်၊ မေလ(၁)ရက်နေ့ထုတ် သုဒနမိန စာစောင်နှင့် ကိုလံဘို ဗုဒ္ဓသာသနာ သီအိုဆိုဖီ အသင်း ရာပြည့်စာစောင်တွင် ဗုဒ္ဓသာသနာ့ အလံ တီထွင်ရေးဆွဲသူမှာ စီပီဂုဏဝဎ္ဍန ဖြစ်ကြောင်း ဖော်ပြခဲ့သည်။

မြန်မာနိုင်ငံ နှင့် သာသနာ့အလံ

သာသနာ့အလံတော်ကို သီဟိုဠ် ဂိုဏ်းချုပ် ဆရာတော် အရှင်သီရိ သုမင်္ဂလာထေရ် သည် ၁၉၅၀ ပြည့်နှစ်တွင် သီဟိုဠ်နိုင်ငံလုံးဆိုင်ရာ ဗုဒ္ဓသာသနာ ကွန်ဂရက် အဖွဲ့ကြီး၏ ဥက္ကဌ ဒေါက်တာဂျီပီမာလာ
ဆေထေရ် ၏ ဆန္ဒအရ ကမ္ဘာလုံးဆိုင်ရာ ဗုဒ္ဓသာသနာ ကွန်ဂရက် အစည်းအဝေးကြီးကို ဖိတ်ခေါ်၍ အစည်းအဝေးပြုလုပ် ခဲ့သည်။ မြန်မာနိုင်ငံတွင် (၁၉၅၆) ခုနှစ် ဆဌသင်္ဂါယနာ တင်သည့်နေ့မှစ၍ အထက်ပါ ကမ္ဘာ့ ဗုဒ္ဓသာသနာ့အလံတော် ကို သာသနာ့အလံတော်ကြီး အဖြစ် အောင်မြင်စွာ
အတည်ပြုလွှင့်ထူနိုင်ခဲ့လေသည်။ ၁၉၈၀ပြည့်နှစ်တွင် ကျင်းပသည့် သာသနာတော် သန့်ရှင်းတည်တံ့ပြန့်ပွားရေး ဂိုဏ်းပေါင်းစုံ သံဃအစည်းအဝေးမှလည်း ဗုဒ္ဓသာသနာ့ အလံတော်နှင့် ပတ်သက်၍ အညီအညွတ်ဆုံးဖြတ်ပြီး သံဃနာယက လက်စွဲကျမ်းတွင် ပြဋ္ဌာန်း ခဲ့သည်။

အလံတော် အဓိပ္ပါယ်

သာသနာ့အလံတော်ကြီးသည် ငြိမ်းချမ်းသာယာခြင်း၊ သည်းခံခြင်း၊ စိတ်ထားဖြူစင်ခြင်းတို့၏ အထိမ်းအမှတ် အဖြစ် သရုပ်ဖော်ထားပြီး ဗုဒ္ဓဘာသာဝင်တို့သည် ဘုရားရှင်အားအထူးကြည်ညိုကြသဖြင့် ဘုရားရှင်၏ ရောင်ခြည်တော် ခြောက်သွယ် ကွန့်မြူးကာ တရားတော်များ ဟောကြားနေတော်မူခဲ့သည်ကို ရည်ညွန်းကြခြင်းဖြစ်၏။ ထို့ကြောင့် ရောင်ခြည်တော် ခြောက်သွယ် အရောင်ကို အသုံးပြုရန် ဆုံးဖြတ်ခဲ့ခြင်း
ဖြစ်ပါသည်။

အရွယ်အစား/အရောင်
• အကြီး = အလျား - ၉ပေ x အနံ - ၅ပေ
• အလတ် = အလျား - ၄ပေ ၆လက်မ x အနံ - ၂ပေ ၆လက်မ
• အလတ် = အလျား - ၂ပေ ၃လက်မ x အနံ - ၁ပေ ၃လက်မ
• အသေး = အလျား - ၉လက်မ x အနံ - ၅လက်မ ဟူ၍ လေးမျိုး သတ်မှတ်ထားသည်။

ရောင်ခြည်တော် ခြောက်သွယ် သတ်မှတ်ပြဋ္ဌာန်း ထားသည့်အတိုင်း အလံတော်တိုင်ဘက်မှ စတင်၍ သတ်မှတ်ရသည်ရှိသော်
1. နီလ = အပြာရင့်ရောင်
2. ပီတ = အဝါရင့်ရောင်
3. လောဟိတ = အနီရောင်
4. သြဒါတ = အဖြူရောင်
5. မဉ္ဇီဋ္ဌ = ပန်းနုရောင်် ထိုအရောင်(၅)မျိုးကို ဒေါင်လိုက်ထားရှိပြီးလျှင်-
6. ပဘဿရ = ပြိုးပြိုးပြက်ပြက် တစ်ခဲနက် ထွက်နေသော အရောင် အဖြစ် အလံတော်၏ အစွန်အဖျား(အထက်)အပေါ်ဘက်မှ နေ၍ အပြာ၊ အဝါ၊ အနီ၊ အဖြူ၊ ပန်းနုရောင် တို့ကိုပင် အစဉ်အတိုင်း အောက်ဖက်သို့ ထားရှိချုပ်လုပ်ရမည်။

အသုံးပြုပုံ
မြန်မာနိုင်ငံရှိ နိုင်ငံတော်သံဃ မဟာနာယက အဖွဲ့သည် အလံတော်ကို သံဃနာယက လက်စွဲ၊ အပိုဒ်(၅)၊ အခန်း(၂၉) ၌ သာသနာ့အလံတော် အခန်း အပိုဒ်(၃၅၅)၌ အသုံးပြုရမည့်နေ့ရက်များ သတ်မှတ်ထားသည်မှာ-

(က)အခါကြီး ရက်ကြီးများ
1. ကဆုန်လပြည့် (ဗုဒ္ဓနေ့)
2. နယုန်လပြည့် (မဟာသမယနေ့)
3. ဝါဆိုလပြည့် (ဓမ္မစကြာနေ့)
4. ဝါခေါင်လပြည့် (မေတ္တာ အခါတော်နေ့)
5. တော်သလင်းလပြည့် (ဂရုဓမ္မ အခါတော်နေ့)
6. သီတင်းကျွတ်လပြည့် (အဘိဓမ္မာ အခါတော်နေ့)
7. တန်ဆောင်မုန်းလပြည့် (သာမညဖလ အခါတော်နေ့ )
8. တပို့တွဲလပြည့် (သြဝါဒ ပါတိမောက် အခါတော်နေ့)

(ခ)ပွဲတော်နှင့် အခမ်းအနားများ
1. ဝါဆိုပွဲတော် အခမ်းအနား
2. အဘိဓမ္မာအခါတော်နေ့
3. ကထိန်ပွဲတော်
4. ရဟန်းခံရှင်ပြုပွဲ
5. ဆွမ်းကြီးလောင်းလှူပွဲ
6. စာပြန်ပွဲ နှင့် ဘွဲ့နှင်းသဘင်
7. နိကာယစာမေးပွဲ၊ တိပိဋကစာမေးပွဲနှင့် ပူဇော်ပွဲ
8. ခွင့်ပြုချက်ရရှိပြီးသည့် တရားပွဲများ
9. ဘုရားထီးတင်ပွဲ
10. ဗုဒ္ဓပူဇနိယပွဲတော်
11. အသံမစဲ ပဋ္ဌာန်းရွတ်ဖတ် ပူဇော်ပွဲ
12. သံဃာ့အစည်းအဝေး
13. သံဃဝိနိစ္ဆယအဖွဲ့ စစ်ဆေး ဆုံးဖြတ်ရာဌာန
14. ဘာသာရေး၊ သာသနာရေးနှင့် စပ်ဆိုင်သော သင်တန်းများတို့ တွင် အသုံးပြုနိုင်သည်။

(ဂ)လွှင့်ထူ အသုံးပြုနည်း၊ အပိုဒ်(၃၅၈) အထိမ်းအမှတ်အလံအားလုံး၏ အလယ်တွင် ဖြစ်စေရမည်။ လက်ယာအစွန်းမှ အရောင်ငါးမျိုး ရောယှက်ရောင်တွင် အပြာရင့်ရောင်သည် အပေါ်တွင်လကျ်ာဘက်ရှိနေစေရမည်။ မော်တော်ယာဉ်တွင် စိုက်ထူပါက ကားကြီးများ၏ အမိုးအရှေ့ပိုင်းတွင် ဖြစ်ရမည်။ ကားငယ်များတွင် လက်ယာဘက် အရှေ့ပိုင်းတွင် ဖြစ်ရမည်။ သံဃာများကို ကြိုဆိုသည့်အခါ သံဃာပါလာသည့်အခါတွင်သာ တပ်ဆင်ရမည်ဟူ၍ ဖော်ပြ ထားသကဲ့သို့၊

(ဃ)ရှောင်ကြဉ်ရမည့်အချက်များ၊ အပိုဒ်(၃၉၅)
1. ရဟန်းသံဃာပါသည်ဖြစ်စေ၊ မပါသည်ဖြစ်စေ မည်သည့်ဘုရားဖူးယာဉ်တွင်မှ မသုံးစွဲရ။
2. လမ်းဘေး၊ လမ်းခွ၊ ယာဉ်ဆိပ်၊ သင်္ဘောဆိပ်များတွင် မသုံးရ။
ဟူ၍ ယခုတိုင်သက်မှက်သက်မှက်ထားခဲ့ပါသည် ။

(http://www.buddhistchannel.tv/index.php?id=43%2C4030%2C0%2C0%2C1%2C0) မှ ကူးယူဖော်ပြပါသည်။

မှတ်ချက်ပေးရန်

အကြံပေး မေးမြန်းလိုလျှင် ဒီထဲမှာမှတ်ချက်ပေးခဲ့ပါ။