" အကောင်းဆုံး ဥစ္စာ "

အာဠာဝကဘီလူးက ဘုရားရှင်ကို မေးတဲ့ မေးခွန်းပါ
လောကမှာ အကောင်းဆုံး ဥစ္စာဟာ ဘာလဲ တဲ့ ။

လောကမှာ အကောင်းဆုံး ဥစ္စာ ဘာလဲလို့ မေးရင်
လူတွေက ဘာပြောကြမလဲ ။

- စိန်က အကောင်းဆုံး
- ရွှေက အကောင်းဆုံး
- ပတ္တမြားက အကောင်းဆုံး လို့ ပြောကြမှာပဲ ။
အဖြေက အမျိုးမျိုး ထွက်မှာပဲ ။

မြတ်စွာဘုရားက ...
" သဒ္ဓါတရားဟာ အကောင်းဆုံး ဥစ္စာ " တဲ့ ။
ဒီအဖြေရဲ့ လေးနက်မှုက ဘယ်လောက်ထိ သွားလဲ ဆိုရင် ...
--------------------------------------

ဆိုပါစို့ ...
- စိန်ဟာ တန်ဖိုးရှိတယ် ။ ရွှေဟာလဲ တန်ဖိုးရှိတယ်။
ပတ္တမြားလဲ အင်မတန်မှ တန်ဖိုး ရှိတယ် ။ သို့သော် ...
တန်ဖိုးရှိတဲ့ ရတနာပစ္စည်းတွေဟာ ရန်သူမျိုး ငါးပါးနဲ့ ပျက်နိုင်လား ။ မပျက်နိုင်ဘူးလား ။ ပျက်နိုင်တယ် ။

နောက်ဆုံး ကိုယ်က ဘဝတစ်ခု ပြောင်းသွားရင် ကိုယ်ပိုင်တဲ့ စိန် မထားခဲ့ရဘူးလား ။ ထားခဲ့ရတယ် ။

ပိုက်ဆံရှိလာပြီဆိုရင် အန္တရာယ်ကို ဖိတ်ခေါ်နေတာပဲ ။
မကြောက်ရဘူးလား ။ ကြောက်ရတယ် ။ ဒါလက်တွေ့ပဲ ။
မရှိတောင့်တ ရှိကြောင့်ကြ တဲ့ ။

ပစ္စည်းဥစ္စာဟာ လူကို နှိပ်စက်ဖျက်ဆီးတတ်တယ် ဆိုတာ
မြတ်စွာဘုရား ကိုယ်တိုင် ဟောထားတယ် ။

ပစ္စည်းဥစ္စာကို အကြောင်းပြုပြီး ဒီဘဝမှာ လုယက်တိုက်ခိုက်
သတ်ဖြတ်ခံရတဲ့သူတွေ ရှိတယ် ။ ဒီဘဝတင်မကဘူး ။
နောင်ဘဝမှာ ဗြိတ္တာဘဝ ရောက်သွားတဲ့လူတွေ ရှိတယ် ။
ပစ္စည်းဥစ္စာက လူကို ဒုက္ခပေးသွားတာ။
----------------------------------------------

လောကလူတွေကတော့ ထင်တယ်။
ရွှေငွေ ချမ်းသာလို့ရှိရင် ဒီပစ္စည်းဥစ္စာတွေဟာ ငါ့အတွက် ချမ်းသာသုခ ပေးလိမ့်မယ်လို့ ။ သို့သော် ချမ်းသာချည်း ပေးတာ မဟုတ်ဘူး။
ဆင်းရဲဒုက္ခကို ပေးတာက ပိုများတယ်နော် ။

စိန်လေးရှိလို့ ခေါင်းလေးယမ်းလိုက်ရင် ဝင်းကနဲ ဆိုတာလေးက
လူအထင်ကြီးတယ် ။ ဒီအရသာလေး တစ်ခုပဲ ခံလို့ရမယ်။
ကြောက်နေရတာက ပိုတယ်။ ဟုတ်ရဲ့လား ။

ဒါကြောင့် အမြတ်ဆုံးဥစ္စာလို့ ခေါ်နိုင်ပါ့မလား။ မခေါ်နိုင်ဘူး။
-------------------------------------------

ဒါဖြင့် သဒ္ဓါကို အကောင်းဆုံး ဥစ္စာလို့ ဘာဖြစ်လို့ ပြောလဲ။
လောကလူတွေဟာ ...
သဒ္ဓါတရား မရှိရင် ဒါနကောင်းမှု လုပ်ပါ့မလား ။ သီလရော ဆောက်တည်ပါ့မလား ။ ကမ္မဋ္ဌာန်းဘာဝနာရော အားထုတ်ပါ့မလား ။

သဒ္ဓါ လို့ ဆိုတဲ့ စိတ်ဝင်စားမှုလေး , ယုံကြည်မှုလေးပေါ် အခြေခံပြီး
- ဒါနကောင်းမှု လုပ်တယ် ။
ဒါနကောင်းမှု လုပ်တဲ့သူတွေ ဘဝသံသရာမှာ ချမ်းသာသုခ ရကြတယ်။

လောကမှာ သူဌေးကြီး ဖြစ်သွားတဲ့ ပုဂ္ဂိုလ်တွေဟာ ကြည့်
- ကိုယ့်ဘဝ ကိုယ့်လက်ထက် ကိုယ်ကြိုးစားလို့ စည်းစိမ်ဥစ္စာ ရရှိလာတာ မဟုတ်ဘူး ။ ရှိတယ် ။ ဒါလဲ ကံပေးမှ ခိုင်မြဲတယ် ။

ဘဝမှာ အလွန်ချမ်းသာတဲ့ မိသားစုထဲ ရောက်ဖို့
ဘယ်သူက ပို့တာလဲ ။
- ကံ ကပို့တာ , သဒ္ဓါတရား ရှိခဲ့တဲ့အတွက်
သဒ္ဓါတရားက ပို့လိုက်တာ။
----------------------------------------

သဒ္ဓါဆိုတဲ့ ဥစ္စာ ပိုင်ဆိုင်ရင် ဇောတိက လို
သူဌေးကြီးမျိုးလဲ ဖြစ်တာပဲ။

သံသရာခရီးသွားတဲ့အခါမှာလဲ ...
သဒ္ဓါဆိုတဲ့ ပစ္စည်းဥစ္စာ ပါသွားတဲ့ ပုဂ္ဂိုလ်တစ်ယောက်ဟာ
- လူဖြစ်ရင်လဲ အထက်တန်း
- နတ်ဖြစ်ရင်လဲ အထက်တန်း
- ဘယ်နေရာပဲ ဖြစ်ဖြစ် အထက်တန်းကျကျ , စည်းစိမ်ဥစ္စာ
ပြည့်ပြည့်ဝဝ ဖြစ်ရတယ် ။

ဒါကြောင့် သဒ္ဓါ ဆိုတဲ့ ဥစ္စာ ရှိရင်
- စိန် ရှိဖို့လဲ မခဲယဉ်းဘူး။
- ရွှေ ရှိဖို့လဲ မခဲယဉ်းဘူး။
- တိုက် ရှိဖို့လဲ မခဲယဉ်းဘူး။

လောကမှာ ချမ်းသာမှန်သမျှ သဒ္ဓါတရား အရင်းခံတဲ့
ကံက အကျိုးပေးလို့ ရကြတာ။

ကံအကောင်း အကြောင်းမလှပြီဆိုရင် ဘာလုပ်လုပ်
ပျက်စီးတတ်တယ်။ ကံရှိတဲ့ ပုဂ္ဂိုလ်မှ အောင်မြင်တယ်။ ဖြစ်ထွန်းတယ်။ လောကမှာ ကြိုးစားကြပေမယ့် လူတိုင်း စီးပွား ဖြစ်ရဲ့လား။ မဖြစ်ဘူး။

မဖြစ်တာ ဘာကြောင့်လဲ ။ အခြေခံ ကွဲလွဲချက်တွေ ရှိနေလို့ပဲ။
အဲဒီ အခြေခံ ကွဲလွဲချက်ကို ရည်ညွှန်းပြီး မြတ်စွာဘုရားက ...

" သဒ္ဓီဓ ဝိတ္တံ ပုရိသဿ သေဋ္ဌံ " -
သဒ္ဓါတရားဟာ အကောင်းဆုံးသော ဥစ္စာပါ . . .တဲ့ ။

အဲဒီတော့ ဘုန်းကြီးတို့ တရားချစ်ခင် သူတော်စင် တို့
ဘဝအရေး စိတ်အေးရန်အတွက် သဒ္ဓါဆိုတဲ့ ပစ္စည်းကို စုရမယ်။


" ဒေါက်တာအရှင်နန္ဒမာလာဘိဝံသ"
( ဘဝအရေး စိတ်အေးရလေအောင် ၊ စာ- ၁၉-၂၇) မှ


" ဘာလုပ်ရင် ချမ်းသာမလဲ "

မြတ်စွာဘုရားကို အာဠာဝကကြီးက မေးခွန်းဆက်မေးတယ်။

-ကိံသု သုစိဏ္ဏော သုခမာဝဟတိ - ဘာလုပ်ရင် ချမ်းသာမလဲ တဲ့ ။

လောကလူတွေက ဘာလုပ်ရင် ချမ်းသာမလဲ လို့
မေးကြတဲ့အခါ ...
- အရောင်းအဝယ် လုပ်ပေါ့ , လက်ဖက်ရည်ဆိုင် ဖွင့်ပေါ့ကွာ ,
ဥယျာဉ် စိုက်ပေါ့ကွာ , တချို့က နှစ်လုံးထိုးဖို့ ပြောသေးတယ်။
အပေါ်ယံလေး ကြည့်ပြီး ပြောတာ။ ခုခေတ်အဖြေတွေက ဒီလို မဟုတ်ဘူးလား ။

မြတ်စွာဘုရားကတော့ ဘယ်လိုဖြေတုန်း...
- "ဓမ္မာ သုစိဏ္ဏော သုခမာဝဟတိ - ဓမ္မကို ကျင့်သုံးလို့ရှိရင်
ချမ်းသာမယ် " တဲ့ ။

- မြတ်စွာဘုရားရဲ့အဖြေနဲ့ လောကလူသားတွေရဲ့အတွေး
ကိုက်ရဲ့လား ။ မကိုက်ဘူး ။
-------------------------------------------

ဓမ္မကို ကျင့်သုံးတယ် ဆိုတော့ ဓမ္မဆိုတာ ဘာလဲ။
အားလုံး သိပြီးသား ဖြစ်လို့ အကျယ်မပြောဘူး ။

- ကုသလကမ္မပထတရား ( ၁၀ ) ပါးကို " ဓမ္မ " လို့ ခေါ်တယ် ။
- ကာယသုစရိုက် ( ၃ ) ပါး ၊
- ဝစီသုစရိုက် ( ၄ ) ပါး ၊
- မနောသုစရိုက် ( ၃ ) ပါး ၊ ပေါင်း ( ၁၀ ) ပါး ။
---------------------------------------

မနောသုစရိုက် ( ၃ ) ပါး
- သူများပစ္စည်း ကိုယ့်ပစ္စည်း ဖြစ်ချင်တဲ့ လောဘ မရှိရဘူး။
- သူများ ဒုက္ခရောက်ရင် ကောင်းမှာပဲ ဆိုတဲ့ အတွေးမျိုး မတွေးပဲ
ဒီလူ ကြီးပွားပါစေ , ဒုက္ခလွတ်ပါစေ ဆိုတဲ့ အတွေးမျိုး တွေးပါ တဲ့။
- ကံ , ကံရဲ့ အကျိုးကို ယုံကြည်လက်ခံ သိမြင်တဲ့ သမ္မာဒိဋ္ဌိ တဲ့ ။
အဲဒါ ဓမ္မ ပဲ ။ အဲဒီ ဓမ္မကို ကျင့်သုံးရင် ချမ်းသာမယ် တဲ့ ။
----------------------------------------

ဝစီသုစရိုက် ( ၄ ) ပါး . . . ဆိုတာ နှုတ်ရဲ့စည်းကမ်းချက်တွေ
ဖြစ်တယ်။
- လိမ်မပြောဘူး ။
- မှန်တာပဲ ပြောတယ်။
- ဂုံးမတိုက်ဘူး။ ညီညွတ်အောင် လုပ်တယ် ။
- ရိုင်းပျတဲ့ စကား မပြောဘူး , ချိုသာဟယဉ်ကျေးတဲ့ စကား ပြောတယ် ။ အကျိုးမရှိ , တန်ဖိုးမရှိတဲ့ စကား မပြောဘူး ။ အကျိုးရှိ တန်ဖိုးရှိ တဲ့ စကားကိုသာ ပြောတယ် ။

အဲဒါ ဝစီသုစရိုက် ( ၄ ) ပါး ၊ အဲဒါ ဓမ္မ ပဲ ။
ဓမ္မ နဲ့ အဓမ္မကို ကွဲဖို့ လိုတယ် ။ ဓမ္မကို ကျင့်သုံးပါ လို့ ပြောတယ်။
---------------------------------------

နောက် ကာယသုစရိုက် ( ၃ ) ပါး

- သူ့အသက်သတ်တာ
- သူများ ဥစ္စာ ခိုးတာ
- သူများ ဥစ္စာ မတရားနည်းနဲ့ ယူတာ
- ကာမကိစ္စတွေမှာ ဓမ္မ နဲ့ ဆန့်ကျင်ပြီး မှားယွင်း
ကျင့်သုံးတာတွေဟာ . . . အဓ္ဓမ ။

- အဲဒါတွေကို ရှောင်ကြဉ်တာက . . ဓမ္မ ကို ကျင့်သုံးတာ ။

ပေါင်းလိုက်တဲ့အခါ ...
- အဓမ္မ ဆိုတာက - အကုသလကမ္မပတ တရား
- ဓမ္မ ဆိုတာက - ကုသလကမ္မပတ တရား ။

လောကမှာ ဒါပဲ ကျင့်စရာ ရှိတယ် ။
ကိုယ်လျှောက်နေတာ ဓမ္မ လမ်းကြောင်းပေါ် လျှောက်နေသလား။
အဓမ္မ လမ်းကြောင်းပေါ် လျှောက်နေသလား ။
ကိုယ်လျှောက်နေတဲ့ လမ်းကြောင်းကို ကြည့်လိုက်ရင် သိတယ် ။

- ကိုယ့်ဘဝအရေးမှာ ကိုယ်လျှောက်နေတဲ့လမ်းကို
ဆန်းစစ်ရမယ်နော်။


" ဒေါက်တာအရှင်နန္ဒမာလာဘိဝံသ"
( ဘဝအရေး စိတ်အေးရလေအောင်၊ စာ- ၃၁- ၃၈ ) မှ


"အကောင်းဆုံး အရသာ"
---------------------------------

အာဠာဝက မြတ်စွာဘုရားကို မေးခွန်းတစ်ခု ဆက်မေးတယ် ။
ဘာမေးလဲ ဆိုတော့ ...
" ကိံသု သာဓုတရံ ရသာနံ - အရသာတွေထဲမှာ အကောင်းဆုံး အရသာဟာ ဘာလဲ တဲ့ ။

လောကလူတွေကို ဒီအမေး မေးလို့ရှိရင် ဝက်သားကြိုက်တဲ့သူက ဝက်သားလို့ မပြောပေဘူးလား ။ ဗမာစကားပုံ အဆို တစ်ခု ရှိသေးတယ် ။ အသီးမှာ သရက် , အသားမှာ ဝက်တဲ့ ။ သရက်သီး ကြိုက်တဲ့ သူက သရက်သီးကို အရသာ အရှိဆုံး ထင်ကြတယ် ။

လောကလူတွေက ကိုယ်ကြိုက်တာ ကို အရသာ အရှိဆုံး လို့ ထင်ကြတာပဲ ။ အဲဒီ ကောင်းတယ် ဆိုတဲ့ အရသာတွေဟာ အကုန်လုံး အကန့်အသတ်နဲ့ချည်းပဲ ။

ဝက်သားကြိုက်သူကို နေ့တိုင်း ဝက်သားချက်ကျွေးရင် သူစားနိုင်မလား ။ မစားနိုင်တော့ဘူး ။
-------------------------------------------

မြတ်စွာဘုရားရဲ့ အဖြေက " သစ္စံ သာဓုတရံ ရသာနံ - လောကမှာ အကောင်းဆုံး အရသာဟာ သစ္စာ ပဲ "
- မှန်တာကို ပြောတဲ့ သစ္စာစကား ။

ဘာလို့ ကောင်းတဲ့ အရသာ လို့ ပြောတာတုန်း ၊
လောကလူတွေဟာ မှန်တဲ့စကားကို ပြောနေလို့ရှိရင် နွယ်မြက် တစ်ပင်တောင် ဆေးဘက်ဝင်တယ် မဟုတ်လား ။
ဝစီသစ္စာနဲ့ ပြောရင် အရာခပ်သိမ်း အောင်မြင်နိုင်တယ် ။

ဝစီသစ္စာလို ကောင်းတဲ့အရသာ က ဘယ်တော့မှ အီမသွားဘူး ။
ဝက်သားစားရင် အီသွားမယ် ။ အချိုအချဉ်တွေ စားရင် အီသွားမယ်။
ဒိပြင် အရသာတွေလဲ ဒီတိုင်းအကန့်အသတ်နဲ့ချည်းပဲ ။
မှန်တဲ့ စကားဟာ အကြိမ်တစ်ရာ ပြောလဲ အရသာ မပျက်ဘူး။
------------------------------------------

ရလာတဲ့အကျိုးဟာလဲ အင်မတန်ကြီးတယ် ။
လူသားကို မဆိုထားနဲ့ ၊ ဘုရားအလောင်းငုံး ဖြစ်စဉ်က
တောမီး လောင်တဲ့အခါ မှန်တာကို ပြောလိုက်တယ် -

သူ့မှာ အတောင်တော့ ပေါက်ပြီး မပျံနိုင်သေးဘူး တဲ့ ။
သူ့မှာ ခြေထောက်တွေတော့ ရှိတယ် မသွားနိုင်ဘူးတဲ့ ။
အမေအဖေတွေလည်း ထွက်ပြေးကုန်ကြပြီတဲ့ ။
သူ ပြောတဲ့ စကား ( ၃ ) ခွန်းလုံး မှန်တယ် ။ အဲဒီမှန်တဲ့ စကားကြောင့် တောမီးကြီး သူ့ကို ရှောင်သွားပါစေ . . .လို့ သစ္စာ ဆိုတာ

မီးက သူ့ဆီ လုံးဝ ရောက်မလာနိုင်ဘူး ။
မှန်တဲ့စကား အရသာ ရှိတယ် ။ မှန်တဲ့စကား က ဘေးအန္တရာယ်ကို လဲ ကာကွယ် နိုင်တယ် ။
------------------------------------------

သို့သော် လောကလူတွေဟာ မှန်တဲ့စကားကို အရသာ ခံပြီး ပြောနိုင်လား ဆိုတော့ မပြောနိုင်ဘူး ။ မပြောနိုင်လို့ မှန်တာကို ပြောရရင် လင်္ကာမချောဘူးတဲ့ ။ ဒါကြောင့်မို့ "မုသားမပါ လင်္ကာမချော " တဲ့ ။

မှန်တာ ပြောရရင် စကားက တယ်မချောတာလို့ ,.အဆင်မပြေလို့
လင်္ကာချောအောင် လိမ်တာလေးတော့ ထည့်ချင်သေးသပေါ့ ။

မြတ်စွာဘုရားက လောကမှာ အရသာတွေထဲမှာ အကောင်းဆုံး အရသာ ဆိုတာ ဝစီသစ္စာကို ပြောတာပါ ။
မှန်တာပြောတာ အရသာ အရှိဆုံးပဲ ။

ဒါဖြင့် တို့တတွေဟာ ဘဝအရေးမှာ အကောင်းဆုံးသော အရသာကို စားဖို့ လိုအပ်နေတယ် ။ ဘယ်လိုတုန်းဆို မှန်ကန်တဲ့စကားကို ပြောပြီး သစ္စာဆိုမယ် ဆိုရင် ကိုယ်လိုချင်တာတွေ လုပ်လို့ ရပါတယ်။
----------------------------------------

ဆိုပါစို့ ဘုရားရှိခိုးရမှာ ပျင်းတဲ့လူက သစ္စာ ဆိုလို့ ရတယ်။
- ကျွနုပ်သည် နေ့စဉ်နဲ့အမျှ ဘုရား ရှိခိုးရမှာ အလွန် ပျင်းပါသည် ။ ဘယ်တော့မှလဲ ရှိမခိုးပါဘူး ။

ဤမှန်သော သစ္စာစကားကြောင့် တစ်ခုခု လိုချင်တာကို ပြော။
စွမ်းအားသတ္တိတွေ ပြည့်လာတဲ့နေ့မှာ အောင်မြင်လာမှာပဲ ။

မဟုတ်တာ တစ်ခုခုလုပ်တာလဲ မဟုတ်တာလုပ်တာကို
သစ္စာဆိုလို့ ရပါတယ် ။ သစ္စာဆိုတာ မှန်တာကို ပြောတာ ။ဒါကြောင့်မို့ သစ္စာဆိုတဲ့ စကားတစ်ခုဟာ အင်မတန်မှ အရသာ ရှိတဲ့ အရာ တစ်ခု ဖြစ်တယ်လို့ မြတ်စွာဘုရားက ဒီမှာ ဖြေတယ် ။

" ဒေါက်တာအရှင်နန္ဒမာလာဘိဝံသ "
( ဘဝအရေး စိတ်အေးရလေအောင် ၊ စာ- ၃၈-၄၃ ) မှ
ကောက်နုတ်ပူဇော်ပါ၏

Credit - ဓမ္မ နှစ်သက်သူ

________________________________

အာဠာဝကဘီလူး နှင့်
ဂေါတမမြတ်စွာဘုရား
အမေး အဖြေ

အာဠာဝက အမေး
မြတ်စွာဘုရားက အဖြေ

အမေး - လောကမှာ အကောင်းဆုံး
ဥစ္စာက ဘာလဲ။
အဖြေ - သဒ္ဓါသည် အကောင်းဆုံး ဥစ္စာ။
၁။ (သဒ္ဓိဓ ဝိတ္တံ ပုရိသဿ သေဌံ)

အမေး - လောကမှာ ဘာလုပ်ရင်
ချမ်းသာမှာလဲ။
အဖြေ - ဓမ္မကို ကျင့်သုံးရင် ချမ်းသာမယ်။
၂။ (ဓမ္မော သုစိဏ္ဏော သုခမာဝဟတိ)

အမေး - လောကမှာ အကောင်းဆုံး အရသာက ဘာလဲ။
အဖြေ - အကောင်းဆုံး အရသာဟာ သစ္စာ။
၃။ (သစ္စံ သာဓုတရံ ရသာနံ)

အမေး - လောကမှာ အကောင်းဆုံးသော အသက်ရှင်နည်းက ဘာလဲ။
အဖြေ - အသိပညာနဲ့ အသက်ရှင်တာ အသက်မွေးတာ အကောင်းဆုံး။
၄။ (ပညာဇီဝိ ံဇီဝိတ မာဟု သေဌံ)

အမေး - အခက်အခဲကို ဘာနဲ့ ဖြတ်ကျော်ရမှာလဲ။
အဖြေ - သဒ္ဓါနဲ့ ဖြတ်ကျော်ရမယ်။
၅။ (သဒ္ဓါယ တရဟိ သြဃံ)

အမေး - ကျယ်ပြောသော ဘဝကြီးကို
ဘာနဲ့ ဖြတ်ကူးရမှာလဲ။
အဖြေ - သတိနဲ့ ဖြတ်ကူးရမယ်။
၆။ (အပ္ပမာဒေန အဏ္ဏဝံ)

အမေး - ဆင်းရဲဒုက္ခကို ဘာနဲ့
ဖယ်ရှားမှာလဲ။
အဖြေ - ကြိုးပမ်းအားထုတ်မှု ၀ိရိယဖြင့်
ဖယ်ရှားနိုင်မယ်။
၇။ (ဝီရိယေန ဒုက္ခမစ္စေတိ)

အမေး - စိတ်ဖြူစင်အောင် ဘယ်လိုလုပ်ရမှာလဲ။
အဖြေ - ပညာ ဖြင့်သာ ဆေးကြောရမယ်။
၈။ (ပညာယ ပရိသုဇျွတိ)

အမေး - ပညာကို ဘယ်လိုရအောင် ယူရမှာလဲ။
အဖြေ - နားလည်ချင်တဲ့စိတ် နားထောင်ချင်တဲ့စိတ်
မှတ်သားချင်တဲ့ဆန္ဒ
ရှိရင်ပညာရပါတယ်။
၉။ (သုဿုတသာ လဘတေ ပညံ)

အမေး - ဥစ္စာကို ဘယ်လို ရှာမှာလဲ။
အဖြေ - လုံလဝီရိယရှိပြီး
တက်တက်ကြွကြွ ကြိုးစား
အားထုတ်ရမယ်။
၁၀။ (ပတိရူပကာရီ ဓုရဝါ၊ ဥဌာတာ ဝိန္ဒတေ ဓနံ)

အမေး - အကျော်အစောရှိရန် ဘယ်လိုလုပ်ရမှာလဲ။
အဖြေ - သစ္စာရှိ ကတိတည် မှန်ကန်ရန်လိုတယ်။
၁၁။ (သစ္စေန ကိတ္တိံ ပပ္ပေါတိ)

အမေး - မိတ်ဆွေတွေ ရချင်ရင် ဘယ်လိုလုပ်ရမှာလဲ။
အဖြေ - ပေးကမ်းပါ။
၁၂။ (ဒဒံ မိတ္တနိ ဂန္ထတိ)

အမေး - ဘယ်တရားတွေ ကျင့်သုံးမှ နောက်ဘဝအရေး စိတ်အေးရမှာလဲ။
အဖြေ - အမှန်တရား၊ အသိပညာ၊ လုံလဝီရိယ၊စွန့်ကြဲပေးကမ်းမှု၊
ရှိရမယ်။
၁၃။ (သစ္စံ ဓမ္မော ဓိတိ စာဂေါ)

ဓမ္မဒါန အဖြစ် မျှဝေပါသည် ...

____________________________________________________

အာဠာဝကဘီလူး၏မေးခွန်းများ
¤¤¤¤¤¤¤¤¤¤¤¤¤¤¤¤¤¤¤¤

■ ပထမပုစ္ဆာ အမေး ■
.
၁. လောကလူ့ရွာမှာ အမြတ်ဆုံးကဘာလဲ
၂. ကောင်းစွာလေ့ကျင့်အပ်သောတရားမှာဘယ်တရားက ချမ်းသာ ကို ဆောင်နိုင်သလဲ
၃. အရသာအပေါင်းတို့မှာ အကောင်းမြတ်ဆုံး အရသာကဘာလဲ
၄.အသက်မွေးမှုအပေါင်းတို့မှာ အမြတ်ဆုံးအသက်မွေးမှုကဘာလဲ
.
မြတ်စွာဘုရား အဖြေ
.
အိုအာဠာဝက
.
၁.အမြတ်ဆုံးဥစ္စာကား ရတနာသုံးပါး ကိုယုံကြည်သော သဒ္ဓါတရား ။
၂.ကောင်းစွာလေ့ကျင့်အပ်သောတရားအပေါင်းမှာ ကုသိုလ် ကမ္မပထတရား ဆယ်ပါးဟာချမ်းသာကိုဆောင်နိုင်တယ် ။
၃.အရသာအပေါင်းတို့မှာ နိဗ္ဗာန် ဆိုတဲ့ပရမ္မတသစ္စာနဲ့ ဝစီသစ္စာတို့ဟာ အကောင်းမြတ်ဆုံး။
၄.အသက်မွေးခြင်းတကာတို့မှာ ပညာဖြင့်အသက်မွေးခြင်း ဟာအမြတ်ဆုံးပါပဲ ။
.
■ ဒုတိယပုစ္စာများ ■
.
အိုမြတ်စွာဘုရား

၁.အဘယ်တရားဖြင့်သံသရာအယဉ် ဟူသောသြဃကို ကူးမြောက်နိင်သလဲ ။
၂.အဘယ်တရားဖြင့်သံသရာအယဉ် ဟူသောသမုဒ္ဒရာကို ကူးမြောက်နိင်သလဲ ။
၃.အဘယ်တရားဖြင့် ကာမဂုဏ်ဆင်းရဲကို လွန်မြောက်နိုင်သလဲ။
၄.အဘယ်တရားဖြင့်စိတ်၏စင်ကြယ်ခြင်းကို ဖြစ်စေနိုင်သလဲ
မြတ်စွာဘုရား အဖြေ

အိုအဋ္ဌာဝက

၁. သံသရာအယဉ် ဟူသောသြဃကို ယုံကြည်မှု့သဒ္ဒါတရားဖြင့် ကူးမြောက်နိုင်တယ်။
၂. သံသရာအယဉ် ဟူသော သမုဒ္ဒရာ ကိုမမေ့မလျှော့သော အပ္ပမာဒတရားဖြင့် ကူးမြောက်နိုင်တယ်။
၃.ကာမဂုဏ်ဆင်းရဲကို ဝီရိယဖြင့်လွန်မြောက်နိူင်တယ်။
၄.ပညာဖြင့်စိတ်၏စင်ကြယ်ခြင်းကို ဖြစ်စေနိုင်တယ်။
.

■ တတိယပုစ္စာများ ■

အိုမြတ်စွာဘုရား

၁.အဘယ်သို့သောသူသည်ပညာရသလဲ။
၂.အဘယ်သို့သောသူသည်ဥစ္စာကိုရသလဲ။
၃.အဘယ်တရားဖြင့်ကျော်စောခြင်းသို့ရောက်သလဲ။
၄.အဘယ်တရားဖြင့်အဆွေခင်ပွန်းကို ရသလဲ ။
၅.အဘယ်သူသည်သေသည်၏နောက် တမလွန်၌ မစိုးရိမ်ရသလဲ။
.

မြတ်စွာဘုရား အဖြေ
.
အိုအဋ္ဌာဝက
.
၁.မမေ့လျှော့သောပညာရှိသည် နိဗ္ဗာန် ရောက်ကြောင်းတရားကို နာကြားသည်ဖြစ် ၍ပညာကိုရ၏။
၂.လျှောက်ပတ်သောအမှုကို ပြုလုပ်ရန် ဝီရိယရှိသူသည် ဥစ္စာကိုရ၏
၃.မှန်သောစကားဖြင့်ကြော်စောခြင်းသို့ရောက်၏
၄.ပေးကမ်းခြင်းဖြင့်အဆွေခင်ပွန်းကိုရ၏
၅.မှန်ကန်မှု့သစ္စာ ၊ ပညာရကြောင်းဓမ္မ ၊အားထုတ်မှု ဓီတိ ၊စွန့်ကြဲမှု စာဂ ဤလေးပါးတရားတို့နှင့် ပြည့်ဆုံသောသူသည် နောင်တမလွန်ဘဝ၌ မစိုးရိမ်ရသူ ဖြစ်ပေ၏။

သာဓု...သာဓု...သာဓု

Thanks:
#DrMintinmon
#Dhammaပီတိ

မှတ်ချက်ပေးရန်

အကြံပေး မေးမြန်းလိုလျှင် ဒီထဲမှာမှတ်ချက်ပေးခဲ့ပါ။