ကထိန်လှူခြင်းကြောင့် ရရှိလာမယ့် အာနိသင် ၅- ပါး

ကထိန်လှူခြင်းကြောင့် ရရှိလာမယ့် အာနိသင် ၅- ပါး
*******************************************

ကထိန်ဆိုတာ ဘုရားအစရှိတဲ့ သူတော်ကောင်းတွေ ချီးမွမ်းတဲ့အလုပ်ပါပဲ။ ဒါကြောင့် ကထိန်လို့ ခေါ်တာ။

တစ်နှစ်မှ တစ်ကြိမ်၊ တစ်ကြိမ်မှ တစ်လ။ သီတင်းကျွတ်လပြည့်ကျော် တစ်ရက်နေ့မှ တန်ဆောင်မုန်း လပြည့်နေ့ထိ။ အဲဒီတစ်လအတွင်းမှာပဲ ကထိန်ခင်းရတယ်။

ကထိန်ခင်းမည့်သင်္ကန်းကို “ဉာတ်သင်္ကန်း”လို့ ခေါ်တယ်။ ဉာတ်သင်္ကန်းကို လှူတဲ့အခါ ရဟန်းတပါးပါးကို ရည်ရွယ်ပြီး လှူလို့ မရဘူး။ သံဃာအားလုံးကို ရည်မှန်းပြီး လှူရတယ်။ ဒါကြောင့် သံဃိကဒါန (သံဃာအားလုံးကို လှူတဲ့ဒါန) လို့ ခေါ်တာ။ အလှူထဲမှာတော့ သံဃိကဒါနဟာ အမြတ်ဆုံးပါပဲ။

“ကထိန်ခင်းပုံ အစီအစဉ်”
------------------------

ဉာတ်သင်္ကန်းကိုသံဃာတော် အရှင်မြတ်တွေဟာ သိမ်ထဲမှာသွားပြီး ကထိန်ခင်းရတယ်။ ရှေးဦးစွာ ရဟန်းတပါးကို ရွေးချယ်ပြီး ကထိန်ခင်းမည့် သင်္ကန်းကို ဉာတ်ကမ္မဝါစာနဲ့ အပ်နှင်းရတယ်။

အဲဒီသင်္ကန်းရတဲ့ ရဟန်းက “ဣမာယ သံဃာဋိယာ ကထိနံ အတ္တရာမိ- ဤသင်္ကန်းဖြင့် ကထိန်ခင်းပါ၏” လို့ ရွတ်ဆိုပြီး ကထိန်ခင်းရတယ်။

အဲဒီနောက် ကထိန်ခင်းတဲ့ရဟန်းက ကျန်သံဃာများကို သာဓုခေါ်ဖို့ လျှောက်ထားရတယ်။ “အတ္ထတံ ဘန္တေ သံဃဿ ကထိနံ၊ ဓမ္မိကော ကထိနတ္တာရော အနုမောဒထ”လို့ လျှောက်ထားရတယ်။

အဲဒီလိုလျှောက်ထားလိုက်တဲ့အခါ ကျန်သံဃာတွေက သာဓုခေါ်ကြတယ်။ “အတ္တတံ ဘန္တေ သံဃဿ ကထိနံ၊ ဓမ္မိကော ကထိနတ္တာရော အနုမောဒါမ”လို့ ရွတ်ဆိုပြီး သာဓုခေါ်ကြတာ။ အဲဒါ ကထိန်ခင်းပုံ အစီအစဉ်ပါပဲ။

ဒါကြောင့် ကထိန်ခင်းတယ်ဆိုတာ ရဟန်းတော်များက ခင်းရတာ။ ဒါပေမဲ့ အလှူရှင်တွေက သင်္ကန်းလှူမှ ကထိန်ခင်းလို့ ရတာကိုး။ ဒါကြောင့် အလှူရှင်တွေက ``ငါတို့ ကထိန်ခင်းမယ်´´လို့ ဒီလို ပြောကြတာပါပဲ။

“ပထမ ကထိန်အကျိုး”
--------------------

ရဟန်းတော်များဟာ အလှူရှင် ဒကာဒကာမတွေက ဆွမ်းစားပင့်လျှင် မြို့ထဲရွာထဲ ကြွရတယ်။ အဲဒီလို ကြွတဲ့အခါ ရဟန်းတစ်ပါးပါးကို “အရှင်ဘုရား တပည့်တော် ဆွမ်းစားကြွမလို့ပါဘုရား”လို့ ပန်ကြားပြီးတော့ သွားရတယ်။

မပန်ကြားက အာပတ်သင့်တယ်။ (အပြစ် ရှိတယ်)။ ကထိန်ခင်းလိုက်သည့်အတွက် ပန်ကြားစရာမလိုတော့ဘူး။ ကထိန်ခင်းလိုက်တဲ့အတွက် မပန်ကြားဘဲ လွတ်လွတ် လပ်လပ် သွားလို့ရသွားတယ်။

“ဒုတိယအကျိုး”
-----------------

သင်္ကန်းသုံးထည်ဆောင်တဲ့ ရဟန်းသည် အခြား နေရာကို သွားမည်ဆိုရင် အဓိဋ္ဌာန်တင်ထားသော သင်္ကန်းကို ဝတ်ချင် ဝတ်ပါ။ မဝတ်ရင်လည်း ကိုယ်နှင့် နှစ်တောင့်ထွာ အတွင်းမှာ ကပ်ထားရမယ်။ ကိုယ်နားမှာ မရှိပါက အပြစ်ရှိတယ်။

သင်္ကန်းသုံးထည်ဆိုတာ ခါးဝတ်သင်းပိုင်၊ အပေါ်ရုံဧကသီ၊ နှစ်ထပ်သင်္ကန်းကြီးကို ပြောတာပါပဲ။ ကထိန်ခင်း လိုက်သည့်အတွက် အဲဒီသင်္ကန်း သုံးထည်လုံးကို ယူစရာမလိုတော့ဘူး။ လွတ်လပ်စွာ သွားလာခွင့် ရသွားတယ်။

“တတိယအကျိုး”
----------------

အလှူရှင်ဒကာ ဒကာမတွေဟာ သံဃာတော်များကို မနက်စာလှူချင်တယ်ဆိုရင် “အာရုံဆွမ်း ကပ်ချင်လို့ပါ”လို့ လျှောက်ရတယ်။ နေ့စာလှူချင်တယ်ဆိုရင် “နေ့ဆွမ်းကပ်ချင်လို့ပါ”လို့ လျှောက်ရတယ်။

“ထမင်း စားပါဦးဘုရား၊ ခေါက်ဆွဲ စားပါဦးဘုရား၊ ငါးသလောက် ဘုဉ်းပေးပါ”လို့ မလျှောက်ကောင်းဘူး။ ဘာကြောင့်လဲဆိုတော့ ရသတဏှာ ဖြစ်စေလိုတဲ့ သဘောသက်ရောက်နေလို့ပါပဲ။

အဲဒီလိုလျှောက် လျှင် သံဃာတော်များဟာ အလှူမခံကောင်းဘူး။ အလှူခံလျှင် သံဃာတော်များမှာ အပြစ်ရှိတယ်။

ကထိန်ခင်းလိုက်သည့်အတွက် သံဃာတော်များကို “ပေါင်မုန့်လေး ဘုဉ်းပေးပါဘုရား” စသည်ဖြင့် ဘယ်လို လျှောက်လျှောက်၊ အလှူခံလို့ ရသွားတယ်။

ဆိုလိုတာက လွပ်လပ်စွာ အလှူခံခွင့် ဘုဉ်းပေးခွင့် ရရှိသွားတယ်ပေါ့။

“စတုတ္ထအကျိုး”
--------------

သင်္ကန်းအသစ်ရရှိလျှင် ၁၀- ရက် အတွင်း အဓိဋ္ဌာန်တင်ရတယ်။ “ဆရာမှတ်မှတ်၊ တပည့်မှတ်မှတ်”ဆိုသလို သင်္ကန်း မှတ်မှတ် သပိတ်မှတ်မှတ် ဖြစ်အောင်လို့ အဓိဋ္ဌာန်တင်ရတာ။ ဝတ်ချင်သလို ဝတ်လို့ မရဘူး။

ဒါကြောင့် သင်္ကန်းအသစ် ရပါလျှက် အဓိဋ္ဌာန်မတင်ပါက အပြစ် ရှိတယ်။ ကထိန်ခင်းလိုက်သည့်အတွက် သင်္ကန်းများကို အဓိဋ္ဌာန်တင်စရာ မလိုတော့ဘူး။ လွပ်လပ်စွာ ဝတ်ရုံခွင့် ရှိတယ်။

“ပဉ္စမအကျိုး”
------------

မိမိနေတဲ့ကျောင်းတိုက်မှာ ကထိန်ခင်း လိုက်သည့် အတွက် သံဃာပိုင်သင်္ကန်းမှန်သမျှ အလှူခံခွင့် ရှိသွားတယ်။ တခြားကျောင်းတိုက်က သံဃာတွေတော့ အလှူခံခွင့် မရှိဘူး။

ဒါကတော့ လာဘ်လာဘနဲ့ ပတ်သက်ပြီး ရသင့်ရထိုက်တဲ့ အခွင့်အရေးပါပဲ။ ဒီတော့ ရဟန်းတော်များမှာ ကထိန်ခင်းလိုက်သည့်အတွက် အကျိုးတရား ၅-မျိုး ရရှိသွားကြတယ်။

ဒီအကျိုး ၅-မျိုးဟာ ကိုယ့်ဟာကိုယ် ဖန်တီးလို့ မရဘူး။ ဒကာ ဒကာမတွေက လှူမှ ရနိုင်မည့် အခွင့်အရေး ဖြစ်ပါတယ်။ ဒါကြောင့် ကထိန်အလှူဟာ အင်မတန် မွန်မြတ့် အလှူ ဖြစ်ပါတယ်။

“လှူတိုင်း ပါရမီ မဖြစ်”
----------------

တစုံတစ်ခုကို လှူတဲ့အခါ မိမိအတွက် တစုံတစ်ခုသော အကျိုးကို မျှော်ကိုးနေလျှင် “ဒါနကုသိုလ်”တော့ ဟုတ်တယ်။ ဒါပေမဲ့ “ဒါနပါရမီ” မဖြစ်တော့ဘူး။

အခု ကထိန်သင်္ကန်းကို လှူတယ်ဆိုတာ သံဃာအတွက်ပဲ။ သံဃာတော်များ ကထိန်ခင်းလိုက်သည့်အတွက် အကျိုး တရား ၅-မျိုး ရရှိသွားကြတယ်။ ဒီအကျိုးတရားများ ရရှိကြပါစေဆိုတဲ့ ရည်ရွယ်ချက်နဲ့ လှူသည့်အတွက် “ဒါနကုသိုလ်” ဖြစ်သလို “ဒါနပါရမီ”လည်း ဖြစ်ပါတယ်။

ဒါကြောင့် ကထိန်အလှူသည် တကယ်မွန်မြတ်တဲ့ အလှူပဲ ဖြစ်ပါတယ်။

************
သီတဂူ အရှင်ဒေဝိန္ဒာဘိဝံသ
Ashin Sanda Zawteet

မှတ်ချက်ပေးရန်

အကြံပေး မေးမြန်းလိုလျှင် ဒီထဲမှာမှတ်ချက်ပေးခဲ့ပါ။