ပုဗ္ဗာရုံပရိယတ္တိစာသင်တိုက် ဖြစ်ပေါ်လာပုံအကျဉ်း

ပုဗ္ဗာရုံပရိယတ္တိစာသင်တိုက် မဖြစ်ပေါ်မီအခါက သီရိမင်္ဂလာတောင်ကွဲစေတီတော်(၄)ထပ်ကျောင်းဆောင်တွင် တောင်တန်းသာသနာပြုဆရာတော်ဦးနရိန္ဒ ကျောင်းထိုင်သီတင်းသုံးတော်မူခဲ့ပါသည်။

အဆိုပါဆရာတော်သည် သက်တော်ကြီးရင့်ပြီး ကျန်းမာရေးချို့တဲ့လာကာ တောင်ပေါ်တွင် ဆက်လက်သီတင်းသုံးတော်မမူတော့ဘဲ ယခုပုဗ္ဗာရုံပရိယတ္တိစာသင်တိုက်နေရာရာ၌ သက္ကရာဇ် ၁၃၂၅-ခုနှစ်တွင် အသောကရိပ်သာမှ ယောဂီဒကာ/ဒကာမများက လှူဒါန်းထားသော ခဏ္ဍသိမ်နှင့်ယာယီကျောင်းသို့ ပြောင်းရွှေ.သီတင်းသုံးနေတော်မူခဲ့ပါသည်။ ဆရာတော်ဦးနရိန္ဒနှင့် ရန်ကုန်မြို့ ကျိုက်ဝိုင်းဓမ္မကထိက ဆရာတော်ဦးဣန္ဒကတို့သည် ဗုဒ္ဓသာသနာတော် အဓွန့်ရှည်စွာ တည်တံ့ခိုင်မြဲရေးနှင့် တိုးတက်စေရေးအတွက် ဤကယားပြည်နယ်၌ ပရိယတ္တိစာသင်တိုက် ဖွင့်လှစ်လိုကြောင်း ဒကာ/ဒကာမများအား အကြံပေးတော်မူခဲ့ကြသည်။ ဒကာ/ဒကာမတို့ကလည်း ဆရာတော်(၂)ပါးတို့၏ ဆန္ဒအတိုင်း တောင်ကြီးမြို့ မင်းကွန်းကျောင်းတိုက်တွင် စာဝါပို့ချနေသော စာချဆရာတော် ဦးဂုဏပီယ(သာသနဓဇဓမ္မာစရိယ)ကို သွားရောက် ပင့်ဆောင်ခဲ့ပါသည်။

၁၃၃၂-ခုနှစ်၊ တပို့တွဲလဆန်း(၆)ရက်၊ တနင်္လာနေ့တွင် “အုဌ်ဆင့်စန်းကြုံ၊ ပုဗ္ဗာရုံ၊ ဖွင့်တုံစာသင်တိုက်” ဟူသည်နှင့်အညီ ကယားပြည်နယ်တွင် ပဌမဦးဆုံးစာသင်တိုက် ဖွင့်လှစ်ခဲ့ပါသည်။ ၁၃၃၃-ခုနှစ်၊ ဝါဆိုလဆန်း(၁)ရက်၊ ဗုဒ္ဓဟူးနေ့တွင် စာသင်သားသံဃာတော်(၂၇)ပါးဖြင့် စာဝါများ စတင်ပို့ချသင်ကြားခဲ့ပါသည်။ ယင်းခုနှစ်တွင် တန်ဆောင်မုန်းလဆန်း(၁၀)ရက်၊ ကြာသပတေးနေ့တွင် ဆရာတော်ဦးနရိန္ဒနှင့် ဆရာတော်ဦးဣန္ဒကတို့က ကျောင်းတိုက်ကို အရှိန်အဟုန်မပျက် ဆက်လက်ကွပ်ကဲသွားနိုင်ရန် စာချဆရာတော် ဦးဂုဏပီယ(သာသနဓဇဓမ္မာစရိယ)အား ကျောင်းထိုင်ဆရာတော်အဖြစ် တင်မြှောက်ခဲ့ပါသည်။

ဆရာတော်ဘဒ္ဒန္တဂုဏပီယ(အဂ္ဂမဟာပဏ္ဍိတ၊ နိုင်ငံတော်ဗဟိုသံဃာ့ဝန်ဆောင်)သည် နှစ်(၃၀)အတွင်း ဤကျောင်းတိုက်ကြီးကို စာသင်သားသံဃာတော်များ နှစ်စဉ်နှစ်တိုင်း တိုးတက်များပြားလာပြီး စာမေးပွဲအောင်မြင်မှုမှာလည်း တစ်နှစ်ထက်တစ်နှစ် တိုးတက်များပြားလာခဲ့ပါသည်။ ၁၃၅၇-ခုနှစ်တွင် အနယ်အနယ်အရပ်ရပ်မှ မိမိတပည့်သံဃာတော်များနှင့် ဒကာ/ဒကာမများကို ဦးဆောင်ပြီး ကျောင်းတိုက် တိုက်တည်(၂၅)နှစ်ပြည့် ငွေရတုသဘင် ပွဲတော်ကို စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ခဲ့ပါသည်။

၁၃၆၃-ခုနှစ်၊ နယုန်လဆန်း(၅)ရက်၊ စနေနေ့တွင် ဆရာတော်ဘုရားကြီးဘဝနတ်ထံ ပျံလွန်တော်မူခဲ့ပါသည်။ ဆရာတော်ဘုရားကြီး မရှိသည့်နောက် သံဃာတော်များနှင့် ဒကာ/ဒကာမများတို့က တိုက်အုပ်ဆရာတော်ဘဒ္ဒန္တခေမိန္ဒာဘိပါလ(သာသနဓဇဓမ္မာစရိယ)ကို ကျောင်းထိုင်ဆရာတော်၊ စာချဆရာတော်ဘဒ္ဒန္တသုဘောဂါဘိပါလ(သာသနဓဇဓမ္မာစရိယ)ကို တိုက်အုပ်၊ စာချဆရာတော်ဘဒ္ဒန္တဂန္ဓမာဘိပါလ(သာသနဓဇဓမ္မာစရိယ၊ ဝိနယဝိဒူ)ကို တိုက်ကြပ်အဖြစ် တင်မြှောက်ခဲ့ပြီး ပရိယတ္တိသာသနာလုပ်ငန်းစဉ်များကို နေ့စဉ်နှင့်အမျှ ဆက်လက် ထမ်းဆောင်တော်မူခဲ့ကြပါသည်။

စာသင်သားသံဃာတော်များသည် ဆရာတော်ဘုရားကြီး၏ မေတ္တာရိပ်ကို နှစ်စဉ်နှင့်အမျှ လာရောက်မှီခိုကြပြီး၊ ပရိယတ္တိကျမ်းဂန်များကို သင်ယူလေ့လာခဲ့ကြပါသည်။ ထို့ကြောင့် လာမည့် ၁၃၈၂-ခုနှစ်တွင်လည်း တိုက်တည် နှစ်(၅၀)ပြည့်လာသဖြင့် အထိမ်းအမှတ်အဖြစ် ရွှေရတုသဘင်ပွဲတော်နှင့် အနယ်နယ်အရပ်ရပ်မှ လှူဒါန်းထားသော ပရိယတ္တိပါလသုံးထပ်ဆွမ်းစားကျောင်းဆောင်သစ် ရေစက်ချပွဲကို စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ရန် ရပ်ဝေးရပ်နီးမှ ဒကာ/ဒကာမများအား မိမိစေတနာသဒ္ဓါတရား နည်းများမဟူ လှူဒါန်းနိုင်ပါကြောင်း တိုက်တွန်းနှိုးဆော်အပ်ပါသည်။


မှတ်ချက်ပေးရန်

အကြံပေး မေးမြန်းလိုလျှင် ဒီထဲမှာမှတ်ချက်ပေးခဲ့ပါ။