နိဗ္ဗာန်ဆိုတာ ဆင်းရဲငြိမ်းခြင်းလား၊ ဘာမှ မရှိခြင်းလား (အပိုင်း ၁)

မေး။ ။ ဆရာတော်ဘုရား ... တပည့်တော် ရိုသေစွာ လျှောက်ထားပါသည်။
နိဗ္ဗာန်ဆိုတာ လူ့ဘဝ၌ ဆင်းရဲငြိမ်းခြင်းကို ခေါ်ပါသလား။
ဘဝကုန်ဆုံးပြီး ဘာမှမရှိခြင်းကို ခေါ်ပါသလား။ ကောင်းကင်မှာ ရှိပါသလား။

(မစိုးမိုးသူ၊ ဒုတိယနှစ် အင်္ဂလိပ်စာ၊ ရန်ကုန်တက္ကသိုလ်)

ဖြေ။ ။ ဟုတ်ပါတယ်။ နိဗ္ဗာန်ဆိုတာ ဆင်းရဲငြိမ်းခြင်းကို ခေါ်ပါတယ်။ ဘာမှ မရှိတာကို နိဗ္ဗာန်လို့ မခေါ်ပါဘူး။

အဘာဝပညတ် လို့ ခေါ်ပါတယ်။

နိဗ္ဗာန်ဟာ ကောင်းကင်မှာ မရှိပါဘူး။ ဘယ်မှာမှ မရှိပါဘူး။ နိဗ္ဗာန်ဟာ အမှန် ရှိပါတယ်။ သို့သော် ဘယ်မှာမှ မရှိပါဘူး။ နားထွေးသွားပါသလား။

ဆိုလိုတာက ဆင်းရဲမရှိခြင်းဆိုတဲ့ အငြိမ်းဓာတ်ကြီးဟာ တည်ရာဌာန မရှိပါဘူး။ ဒီ သဘာဝကြီးဟာ အကြောင်း တစုံတရာကြောင့် ဖြစ်ပေါ်လာတဲ့ (သင်္ခတ)သဘာဝ မဟုတ်ပါဘူး။
မူလကတည်းက သဘာဝအလျောက် ရှိနေတဲ့ အရှိ(အသင်္ခတ) သဘာဝကြီးပါ။

ဒီနေရာမှာ သင်္ခတနဲ့ အသင်္ခတရဲ့ အဓိပ္ပာယ်ကို သဘောမပေါက်သေးသူများအတွက် အနည်းအကျဉ်း ရှင်းပြဖို့ လိုမယ် ထင်ပါတယ်။

‘သင်္ခတ’ဆိုတာ “အကြောင်းတို့ စုပေါင်း ပြုလုပ်ပေးလို့ ဖြစ်ပေါ်လာတဲ့ တရား” လို့ ဆိုလိုပါတယ်။
တိုတိုရှင်းရှင်း ပြောရရင် “အကြောင်းကြောင့် ဖြစ်တဲ့ တရားဟာ သင်္ခတတရား”ပါပဲ။
ရုပ်နဲ့နာမ်ကို သက်ဆိုင်ရာအကြောင်းတွေကြောင့် ဖြစ်ပေါ်လာတာမို့ ‘သင်္ခတတရား’လို့ ခေါ်ရပါတယ်။

မဖောက်မပြန် အမှန်တကယ် ရှိတဲ့ တရားများဖြစ်လို့ “သင်္ခတပရမတ်”တရားများလို့ ခေါ်ရပါတယ်။
သို့သော်လည်း အကြောင်းကြောင့်ဖြစ်တဲ့ ‘အဖြစ်တရား’များမို့ သူတို့ဟာ ပျက်ပါတယ်။
ဘာကြောင့် ပျက်သလဲဆိုတာ့ ဖြစ်လို့ ပျက်တာပါပဲ။

ဒါကြောင့် ‘သင်္ခတနယ်’ ဟာ ဖြစ်ပျက်နယ်ပါ။
ဖြစ်ပျက်နယ်ထဲမှာ ရှိလို့ သင်္ခတဖြစ်တဲ့ ရုပ်နာမ်မှန်သမျှဟာ ဖြစ်ပျက်ဆင်းရဲ သင်္ခါရဒုက္ခချည်းပါပဲ။

‘အသင်္ခတ’ ဆိုတာကတော့ သင်္ခတရဲ့ ပြောင်းပြန် သဘာဝပါ။

“အကြောင်းတို့ စုပေါင်း မပြုလုပ်အပ်တဲ့ သဘာဝ”လို့ ဆိုလိုပါတယ်။
တိုတိုရှင်းရှင်း ပြောရရင် “အကြောင်းကြောင့်ဖြစ်တဲ့ အဖြစ်တရား မဟုတ်ဘူး”လို့ ဆိုလိုပါတယ်။

အဖြစ်တရားမဟုတ်တဲ့ ဒီ အသင်္ခတ သဘာဝဟာ မဖောက်မပြန် အမှန်တကယ် ရှိတဲ့ တရားဖြစ်လို့ မူလ သဘာဝ အနေနဲ့ ရှိနေတဲ့ “အရှိပရမတ်”တရားပါ။ “အသင်္ခတပရမတ်”ပေါ့။

အဲဒီ အရှိတရားဟာ ဘာလဲဆိုတော့ သူဟာ သင်္ခတရဲ့ ပြောင်းပြန်သဘောဖြစ်လို့ သင်္ခတ ခေါ်တဲ့ ရုပ်နာမ်ငြိမ်းနေခြင်း၊ ရုပ်နာမ် မရှိခြင်း သဘောပါပဲ။

ရုပ်နဲ့နာမ် ရှိနေသမျှ ဆင်းရဲနေတယ်။
ရုပ်နာမ်ငြိမ်းသွားတော့ ဆင်းရဲ မရှိတော့ဘူး။

အဲဒီ ဆင်းရဲငြိမ်းနေတာဟာ တကယ်ရှိတဲ့ အရှိသဘာဝပါပဲ။
ဒါကိုပဲ နိဗ္ဗာန်လို့ ခေါ်ရပါတယ်။
အဲဒါဟာ အသင်္ခတတရားပါပဲ။

ဒီ ဆင်းရဲငြိမ်းနေတဲ့ ဆင်းရဲကင်းနေတဲ့ သဘာဝဟာ မူလကတည်းက ရှိနေတဲ့ အရှိသဘာဝမို့ သူဟာ အကြောင်းကြောင့် ဖြစ်တာ မဟုတ်လို့ သူ့ကို အသင်္ခတလို့ ခေါ်ရပါတယ်။
အဖြစ်တရား မဟုတ်၊ အရှိတရားလို့ ဆိုလိုပါတယ်။
အရှိတရားဖြစ်လို့ မဖြစ်တဲ့အတွက် ပျက်လည်း မပျက်ပါဘူး။

ဒါကြောင့် အသင်္ခတနယ်လို့ ခေါ်တဲ့ နိဗ္ဗာန်ဟာ ဖြစ်ပျက်နယ်ကို လွန်မြောက်နေပြီဖြစ်လို့ ဆင်းရဲမရှိဘဲ ဆင်းရဲငြိမ်းနေပါတယ်။

ဒီတော့ အကျဉ်းချုပ်လိုက်ရင် သင်္ခါရလို့လည်း ခေါ်တဲ့ သင်္ခတအဖြစ်တရားများဟာ ဖြစ်ပျက် မကင်းလို့ ဆင်းရဲတယ်။
အသင်္ခတ ခေါ်တဲ့ အရှိတရားဟာ ဖြစ်ခြင်းပျက်ခြင်း မရှိလို့ ဆင်းရဲငြိမ်းတယ်။ ဒါကိုပဲ နိဗ္ဗာန်လို့ ခေါ်ပါတယ်။

ဒါကြောင့် ပဋိသမ္ဘိဒါမဂ် ပါဠိတော် (စာ-၁၅) မှာလည်း -
“ဥပ္ပါဒေါ - အဖြစ်တရားသည်၊
သင်္ခါရာ - ရုပ်နာမ်သင်္ခါရတို့ပေတည်း။
အနုပ္ပါဒေါ - မဖြစ်တရား (အရှိတရား)သည်၊
နိဗ္ဗာနံ - နိဗ္ဗာန်ပေတည်း။” လို့ အဖြစ်တရားနဲ့ အရှိတရားကို ခွဲခြား မိန့်တော်မူခဲ့တာပါပဲ။

ဒီ ဆင်းရဲငြိမ်းတဲ့ သဘာဝ အရှိပရမတ်တရားဟာ တည်ရာ ဌာန မရှိလို့ ဘယ်နေရာမှာ ရှိတယ်လို့ ပြောမရသလို အဖြစ်တရား မဟုတ်လို့ ဘယ်အချိန် ဘယ်ကာလက ဖြစ်တယ်လို့လည်း ပြောလို့ မရပါဘူး။

ဒါကြောင့် အပတိဋ္ဌ = တည်ရာဌာန မရှိတဲ့ တရား၊ ကာလဝိမုတ္တ = အတိတ် အနာဂတ် ပစ္စုပ္ပန်ဆိုတဲ့ အချိန်ကာလမှ လွတ်တဲ့ တရားပါ။ ( Nibbanna is beyond time and space. )

လောဘ၊ ဒေါသ၊ မောဟ၊ မာန၊ ဒိဋ္ဌိ စတဲ့ တရားတွေဟာ သတ္တဝါကို ပူလောင်စေတဲ့ တရား၊ ဆင်းရဲစေတဲ့ တရားတွေပါ။ ဒါကြောင့် သူတို့ကို ကိလေသာလို့ ခေါ်ပါတယ်။
ဒီ ကိလေသာတွေ ရှိနေသမျှ ဆင်းရဲနေတာပါပဲ။
ဒီ ကိလေသာတွေ မရှိရင် ဆင်းရဲငြိမ်းပြီး ချမ်းသာတော့တာပါပဲ။
ဒါကြောင့် ကိလေသာငြိမ်းခြင်းဟာ ဆင်းရဲငြိမ်းခြင်း = နိဗ္ဗာန်ပါပဲ။

ကိလေသာငြိမ်းသော်လည်း ရုပ်နဲ့နာမ်တချို့က ရှိနေသေးတော့ ဖြစ်ပျက်ဆင်းရဲ = သင်္ခါရဒုက္ခ ကျန်နေပါသေးတယ်။
အဲဒီ ရုပ်နာမ်သင်္ခါရတွေ အဖြစ်ရပ်ပြီး နောက်ထပ် မဖြစ်တော့ဘဲ သင်္ခါရဒုက္ခပါ အပြီးသတ် ငြိမ်းမှပဲ သန္တိသုခ ခေါ်တဲ့ တကယ် အငြိမ်းသဘာဝ နိဗ္ဗာန်ကြီးကို တွေ့ရပါတယ်။

လောကမှာ မီးမရှိဘဲ အေးနေတဲ့ သဘာဝဟာ မူလကတည်းက ရှိနေတဲ့ အရှိသဘာဝပါ။
သို့သော်လည်း မီးရှိနေတဲ့အခါမှာတော့ မီးမရှိဘဲ အေးနေတဲ့ သဘာဝကို မတွေ့နိုင် မသိနိုင်ပါဘူး။
မီးငြိမ်းသွားတဲ့အခါကျတော့မှပဲ မူလကတည်းက ရှိနေတဲ့ ဒီအေးတဲ့ သဘာဝကို သေသေချာချာ တွေ့ရသိရပါတယ်။

အဲဒီအတိုင်းပဲ ဒီ ဆင်းရဲငြိမ်းတဲ့ သဘာဝ၊ ဆင်းရဲမရှိတဲ့ သဘာဝကြီးဟာ မူလကတည်းက ရှိနေတဲ့ အရှိသဘာဝကြီးပါ။
ရုပ်နာမ်သင်္ခါရ အဖြစ်ရပ်သွားမှ ဖြစ်ပေါ်လာတာ မဟုတ်ပါဘူး။
တစ်ဘက်က ဆင်းရဲရှိနေသလို တခြားတစ်ဘက်ကလည်း ဆင်းရဲငြိမ်းတဲ့ ဆင်းရဲမရှိတဲ့ သဘာဝဟာ ရှိနေပါတယ်။
သို့သော်လည်း ရုပ်နာမ်သင်္ခါရတွေ ဖြစ်နေခိုက်မှာတော့ ရုပ်ဆင်းရဲ နာမ်ဆင်းရဲ သင်္ခါရဆင်းရဲတွေက ဖုံးကွယ်ထားလို့ ဆင်းရဲမရှိတဲ့ သဘာဝကြီးကို မဆိုက်ရောက်နိုင် မသိနိုင်ဘဲ ဖြစ်နေတာပါ။

ရန်ကုန်ကနေ မန္တလေးအမြန်ရထား စီးသွားတော့ လမ်းဆုံးရင် မန္တလေးမြို့ကြီးကို ရောက်တယ်။
ဒီတော့ ရထားဆိုက်မှပဲ မန္တလေးမြို့ကြီး ဖြစ်ပေါ်လာသလားဆိုတော့ မဟုတ်ပါဘူး။ အများသိတဲ့အတိုင်းပဲ မန္တလေးမြို့ကြီးက အရင်ကတည်းက ရှိနေတာမဟုတ်လား။
(ဟုတ်ပါတယ် ဘုရား)

အဲဒီအတိုင်းပဲ ဆင်းရဲမရှိတဲ့ သဘာဝကြီးဟာလည်း အကြောင်းကြောင့် ဖြစ်ပေါ်လာတဲ့ အဖြစ်တရား (သင်္ခတ) မဟုတ်။ မူလကတည်းက ရှိနေတဲ့ အရှိတရား (အသင်္ခတ)ပဲ။ မဂ္ဂင်ရှစ်ပါး ယာဉ်ရထားကို လမ်းဆုံးအောင် စီးသွားနိုင်တဲ့ လူကတော့ လမ်းဆုံးရင် အသင်္ခတ သဘာဝ အငြိမ်းဓာတ်ကို ဆိုက်ရောက်သွားမှာပဲ။

တကယ်လို့သာ နိဗ္ဗာန်ဟာ အကြောင်းတစုံတရာကြောင့် ဖြစ်တဲ့ သဘာဝဆိုရင် ပျက်ရတာ ဓမ္မတာဖြစ်လို့ နိဗ္ဗာန်ကိုလည်း ပျက်တယ်လို့ ဆိုရာ ရောက်ပေလိမ့်မယ်။
ဒီလိုဆိုရင် နိဗ္ဗာန်ဟာ ဖြစ်တတ်ပျက်တတ်လို့ ဆင်းရဲပင် ဖြစ်နေတဲ့အတွက် ဆင်းရဲငြိမ်းတဲ့ ချမ်းသာလို့ မဆိုနိုင်ပြန်ဘူး။

တကယ်တော့ နိဗ္ဗာန်ဟာ အရှိသဘာဝဖြစ်လို့ ဖြစ်လည်း မဖြစ်၊ ပျက်လည်း မပျက်ဘူး။
အဲဒီလို မဖြစ်မပျက်လို့ဘဲ ဆင်းရဲငြိမ်းတဲ့ သဘာဝအနေနဲ့ အမြဲ တည်ရှိနေတာပါပဲ။
ဒါကြောင့် “ဓုဝံ = အမြဲရှိနေတဲ့ သဘော”လို့ ဆိုရပါတယ်။ ပြီးတော့ မဖြစ်တဲ့ သဘာဝမို့ သူ့ကို ဖြစ်ပေါ်အောင် လုပ်ပေးတဲ့ အကြောင်းတရားလည်း မရှိဘူး။

ဒါဖြင့်ရင် မဂ္ဂရှစ်ပါးဟာ နိဗ္ဗာန်ရဲ့ အကြောင်းတရား မဟုတ်ဘူးလား။
မဂ္ဂင်ရှစ်ပါး ကျင့်ကြံပွားများမှ ဆင်းရဲငြိမ်းတာဆိုတော့ မဂ္ဂင်ရှစ်ပါးဟာ ဆင်းရဲငြိမ်းခြင်း ဆိုတဲ့ နိဗ္ဗာန်ရဲ့ အကြောင်းတရားပေါ့လို့ စောဒကတက်စရာ ရှိပါတယ်။

အဖြေကတော့ မဂ္ဂင်ရှစ်ပါး ပွားများမှ ဆင်းရဲငြိမ်းတာ မှန်ပါတယ်။
ဒါကြောင့် မဂ္ဂင်ရှစ်ပါးဟာ နိဗ္ဗာန်ရဲ့ အကြောင်းတရားဆိုတာလည်း မှန်ပါတယ်။ သို့သော်လည်း မဂ္ဂင်ရှစ်ပါး ပွားခြင်းက ဆင်းရဲငြိမ်းခြင်းကို ဖြစ်စေတာ မဟုတ်ပါဘူး။
မဂ္ဂင်ရှစ်ပါး ပွားခြင်းကြောင့် ဆင်းရဲငြိမ်းတဲ့ ဆင်းရဲမရှိတဲ့ သဘာဝကို ဆိုက်ရောက်သွားခြင်းသာ ဖြစ်ပါတယ်။
မီးရထားစီးသွားလို့ မူလကတည်းက ရှိနေတဲ့ မန္တလေးမြို့ကြီးကို ရောက်သွားသလိုပါပဲ။

ဝိသုဒ္ဓိမဂ် (ဒု၊ ၁၄၀)မှာ “ပတ္တဗ္ဗမေဝ ဟေတံ မဂ္ဂေန၊ န ဥပ္ပါဒေတဗ္ဗံ = ဤ နိဗ္ဗာန်ကို မဂ်သည် ရောက်အပ်သည်သာလျှင် ဖြစ်၏။ ဖြစ်စေအပ်သည်ကား မဟုတ်ပေ။”လို့ မိန့်ဆိုထားပါတယ်။

ပိုရှင်းအောင် ပြောရရင် မဂ္ဂင်ရှစ်ပါးဟာ နိဗ္ဗာန်ကို ဖြစ်စေတဲ့ အကြောင်း (=ဇနကဟိတ်) မဟုတ်။
နိဗ္ဗာန်ကို ရောက်စေတဲ့ အကြောင်း (=သမ္ပာပကဟိတ်)သာ ဖြစ်ပါတယ်။

ဒါကြောင့် နိဗ္ဗာန်ကို ဖြစ်စေတဲ့အကြောင်း မရှိလို့ နိဗ္ဗာန်ဟာ အဖြစ်တရား (သင်္ခတ) မဟုတ်။
အရှိတရား (အသင်္ခတ)သာ ဖြစ်ပါတယ်။
ဖြစ်တဲ့တရား မဟုတ်လို့ ပျက်လည်း မပျက်ပါဘူး။
ဒါကြောင့် ဓုဝံ = အမြဲ ရှိနေတဲ့ ဆင်းရဲငြိမ်းခြင်း သဘာဝကြီးပါ။

ဆင်းရဲ မရှိဘဲ ဆင်းရဲငြိမ်းနေတဲ့ သဘာဝကြီးဟာ အရှိတရား ဖြစ်သော်လည်းပဲ အဲဒီ ဆင်းရဲငြိမ်းတဲ့ သဘာဝကို ရဖို့ ဆိုက်ရောက်ဖို့ကတော့ ဖြစ်ပေါ်နေတဲ့ ရုပ်နာမ် ခန္ဓာ ဆင်းရဲ ငြိမ်းမှပဲ ရနိုင် ဆိုက်ရောက်နိုင်ပါတယ်။

အဲဒီ ရုပ်နာမ်ခန္ဓာ ဆင်းရဲငြိမ်းအောင် ဘယ်လိုလုပ်ရမလဲ။
အဲဒီ ဆင်းရဲရဲ့အကြောင်းကို ပယ်သတ်ရပါမယ်။
မီးခိုးကို မမြင် မတွေ့ချင်ရင် မီးခိုးရဲ့အကြောင်းဖြစ်တဲ့ မီးကို ငြိမ်းသတ်ရပါမယ်။
အဲဒီအတိုင်းပဲ ရုပ်နာမ်ခန္ဓာ ဆင်းရဲကို မလိုချင်ရင် အဲဒီ ဆင်းရဲရဲ့အကြောင်းကို ပယ်သတ်ရမှာပဲ။
ဒီ ရုပ်နာမ်ခန္ဓာ ဆင်းရဲရဲ့ အကြောင်းက လိုချင် တပ်မက် နှစ်သက် တွယ်တာမှု တဏှာလောဘပဲလို့ မြတ်စွာဘုရား မိန့်ကြားခဲ့ပါတယ်။

မှန်ပါတယ်။ တစုံတရာကို လိုချင်ရင် ဆင်းရဲတော့တာပဲ။ ငွေလိုချင်ရင် ငွေလိုချင်စိတ်ကြောင့် ဆင်းရဲတယ်။ ကားလိုချင်ရင် ကားလိုချင်စိတ်ကြောင့် ဆင်းရဲတယ်။ အဝတ်အစား တစုံတခုကို တပ်မက်ရင်လည်း အဲဒီ တပ်မက်စိတ်ကြောင့် ဆင်းရဲတယ်။ သူဌေးသူကြွယ်စတဲ့ ဘဝကောင်း ဘဝမွန်တွေကို လိုချင်ရင်လည်း အဲဒီလိုချင်စိတ်ကြောင့် ဆင်းရဲတယ်။
အဲဒီ ဆင်းရဲမှန်သမျှ ရုပ်ဆင်းရဲ နာမ်ဆင်းရဲချည်းပဲ။
ဒါကြောင့် ရုပ်နာမ်ခန္ဓာဆင်းရဲ ငြိမ်းချင်ရင် အကြောင်းဖြစ်တဲ့ လိုချင် တပ်မက် နှစ်သက် တွယ်တာမှု တဏှာလောဘကို ပယ်သတ်မှပဲ ဆင်းရဲငြိမ်းနိုင်မယ်။

ဆက်ပြောပါဦးမယ်။
ရုပ်အသစ် နာမ်အသစ်နဲ့ ဘဝသစ်တစ်ခု ဖြစ်တယ်ဆိုတာလည်း ဘဝဖြစ်ချင်တဲ့ တဏှာလောဘကြောင့် ဖြစ်တာပဲ။
ဘဝတစ်ခု ဖြစ်လာပြီဆိုလို့ရှိရင် ရုပ်အသစ် နာမ်အသစ် ဖြစ်လာတယ်။
ရုပ်နဲ့နာမ်ဖြစ်လာရင် ဆင်းရဲများသလား ချမ်းသာများသလား။
(ဆင်းရဲများပါတယ် ဘုရား။)

ဆင်းရဲများတယ်။ သို့သော် သင်္ခါရဒုက္ခဆိုတဲ့ ဖြစ်ပျက်ဆင်းရဲအနေနဲ့ ဆိုရင်တော့ ဆင်းရဲချည်းပဲ။ ဟုတ်ကဲ့လား။
(ဟုတ်ပါတယ် ဘုရား။)

ကျန်တဲ့ ဒုက္ခဒုက္ခ၊ ဝိပရိဏာမဒုက္ခ ဆိုတာတွေနဲ့ တွက်လို့ရှိရင်တော့ ဆင်းရဲများတယ်။ ချမ်းသာနည်းတယ်။ သေချာသလား။
(သေချာပါတယ် ဘုရား။)

ဒီတော့ ဆင်းရဲများပြီးတော့ ချမ်းသာနည်းပါလျက်နဲ့ သတ္တဝါဟာ ဘဝတစ်ခု ဖြစ်ပြီးတော့ အသက်ရှင်ချင်မနေဘူးလား။
(ရှင်ချင်နေပါတယ် ဘုရား။)

ကဲ မေးရဦးမယ်။ ဒီပရိသတ်ထဲ ဘယ်သူ သေချင်သလဲ။
(ဘယ်သူမှ မသေချင်ပါ ဘုရား။)

သေချင်သလား၊ ရှင်ချင်သလား။
(ရှင်ချင်ပါတယ် ဘုရား။)

ရှင်ချင်တယ်ဆိုတာ ရုပ်နဲ့နာမ် နှစ်ခုတွဲပြီးတော့ အဆက်မပြတ် ဖြစ်ပျက် ဖြစ်ပျက် အစဉ်အတိုင်း ဖြစ်နေတာ ပြောတာ မဟုတ်လား။
(ဟုတ်ပါတယ် ဘုရား။)

အဲဒီတော့ ရှင်ချင်တယ်ဆိုတာ ရုပ်နာမ်နှစ်ခု ဆက်ပြီးတော့ ဖြစ်ပျက်နေတာကို ဆိုလိုတာ မဟုတ်လား။
(ဟုတ်ပါတယ် ဘုရား။)

အဲဒီတော့ ဒီဘဝမှာ သေသွားတာကို ဘယ်သူ လိုချင်မလဲ။
(ဘယ်သူမှ မလိုချင်ပါ ဘုရား။)

ဒီတော့ အချို့က ပြောကောင်း ပြောမယ်။
“အမယ်လေး ... ဆရာတော်၊ မကြာခင်က ၁၀-တန်း စာမေးပွဲကျကြတုန်းကလေ သေချင်တဲ့လူတွေ အများကြီး ဘုရား။ တပည့်တော်တို့ တားထားရတယ်” လို့။

ဒီတော့ တစုံတခုသော အဆင်မပြေမှုကြောင့် သေချင်တယ်ဆိုတဲ့ အဲဒီလူတွေ တကယ် သေချင်သလားဆိုတော့ အဲဒီဆင်းရဲနဲ့ တွေ့တဲ့ ကြုံတဲ့ အခိုက်မှာတော့ သေချင်ပါလိမ့်မယ်။
ဒါပေမယ့် ‘ဒီလိုဆိုရင် ကြိုးဆွဲချ သေမယ်’ဆိုပြီး ကြိုးကွင်းစွပ်လိုက်တဲ့အခါကျတော့ ဘယ့်နှယ် ... သူ သေချင်စိတ် ရှိပါဦးမလား။
(မရှိပါ ဘုရား။)

ဆန့်ငင် ဆန့်ငင် ဖြစ်နေတာ သေချင်လို့လား၊ မသေချင်လို့လား။
(မသေချင်လို့ပါ ဘုရား။)

အဲဒီတော့ ရှင်ချင်လို့ မဟုတ်ပေဘူးလား။
(ဟုတ်ပါတယ် ဘုရား။)

အဲဒီ ရှင်ချင်စိတ်ကြောင့် နောက်ဘဝအသစ် ရုပ်အသစ် နာမ်အသစ် ဆိုတဲ့ ရှင်မှု ဖြစ်ရတာ။

စားချင်စိတ်ကြောင့် စားရတယ်။
ဝတ်ချင်စိတ်ကြောင့် ဝတ်ရတယ်၊ ဟုတ်တယ် မဟုတ်လား။
(ဟုတ်ပါတယ် ဘုရား။)

အသက်ရှင်ချင်စိတ်ကြောင့် ရှင်ရတယ်ဆိုတာ အဲဒါကိုပဲ စကားလုံးထွားထွားနဲ့ ပြောရရင် “ဘဝတဏှာကြောင့် ဘဝတစ်ခု ဖြစ်ရတယ်”လို့ ပြောရတယ်။

ရှင်ချင်စိတ်ကြောင့် ဘဝဖြစ်တယ်။
ဒီတော့ အဲဒီရှင်ချင်စိတ်ဟာ သမုဒယသစ္စာ။ ဟိုဘက်မှာ ဘဝအသစ် ရုပ်အသစ် နာမ်အသစ် ဖြစ်ပြီးတော့ ဆင်းရဲတွေ တွေ့နေတာဟာ ဘာတွေလဲ။
(ဒုက္ခသစ္စာပါ ဘုရား။)

ဒုက္ခသစ္စာ။ အဲဒီတော့ သမုဒယသစ္စာကြောင့် ဒုက္ခဖြစ်တယ်။

ဒီတော့ ဆင်းရဲရဲ့ အကြောင်းတရားဟာ ဘာလဲ။
(သမုဒယသစ္စာ တဏှာလောဘပါ ဘုရား။)

လိုချင်မှု၊ နှစ်သက်မှု၊ ချစ်ခင်မှု၊ တွယ်တာမှု၊ ဒါပဲ မဟုတ်လား။
(ဟုတ်ပါတယ် ဘုရား။)

ဒီတော့ လိုချင် တပ်မက် နှစ်သက် တွယ်တာခြင်းရဲ့ အကြောင်းတရားက ဘာလဲဆိုတော့ ဒါတွေကို ဆင်းရဲလို့ အမှန်အတိုင်း မသိတဲ့ အဝိဇ္ဇာပဲ မဟုတ်လား။
(ဟုတ်ပါတယ် ဘုရား။)

“အဲဒီ ရုပ်တရား နာမ်တရားတွေ ဖြစ်နေတာဟာ ဆင်းရဲပဲ”လို့ အမှန်အတိုင်း မသိတာ။ အဲဒါကို ‘အဝိဇ္ဇာ’လို့လည်း ခေါ်တယ်။ ‘မောဟ’လို့လည်း ခေါ်တယ်။
သူ့ကြောင့်ပဲ လိုချင် တပ်မက် နှစ်သက်တဲ့ တဏှာတွေ ဖြစ်တယ်။

ဒီတဏှာတွေနဲ့ လိုချင်တဲ့အခါကျတော့ အဲဒီ ဘဝအသစ်တွေ ဖြစ်လို့ ဆင်းရဲတယ်။
တစ်ခါ အဲဒီ ဘဝမှာလည်းပဲ ကားလိုချင်လို့ ကားဝယ်ဖို့ ငွေရှာရ၊ ကားရှာရနဲ့ ဆင်းရဲတွေ ဖြစ်ရတယ်။
စာမေးပွဲအောင်ချင်လို့ အမျိုးမျိုး ကြိုးစားရတဲ့ ဆင်းရဲတွေ ဖြစ်တယ်။
“ဒီလိုဆို မအောင်ချင်ရဘူးလား ဘုရား”လို့ မေးရင် ...
(အောင်ချင်ပါတယ် ဘုရား။)
အောင်ချင်ရမှာပေါ့။ လောဘကို ပယ်မှ မပယ်နိုင်သေးတော့ လူ့ဘဝ အဆင်ပြေအောင်တော့ ဒီလောဘ ရှိသလောက် ရှိမှာပဲ။

ဒီတော့ လိုချင် တပ်မက် နှစ်သက်တွယ်တာမှု = တဏှာ = သမုဒယသစ္စာဟာ ဆင်းရဲခြင်းရဲ့ အကြောင်းပဲ။
သူ့ကြောင့် ဖြစ်ပေါ်တဲ့ ဆင်းရဲမှန်သမျှ ရုပ်ဒုက္ခ နာမ်ဒုက္ခ အပါအဝင် လောကမှာ တွေ့ရတဲ့ ဒုက္ခမှန်သမျှဟာ ဒုက္ခသစ္စာ = ဆင်းရဲအမှန်တွေပဲ။

ဒါဖြင့်ရင် အဲဒီဆင်းရဲတွေ ဘယ်အခါ ငြိမ်းမလဲ။
အဲဒီ လိုချင် တပ်မက်တဲ့ တဏှာ မရှိတဲ့အခါမှာ ဆင်းရဲငြိမ်းမယ်။ မဟုတ်ဘူးလား။
(ဟုတ်ပါတယ် ဘုရား။)

မသေချာဘူးလား။
(သေချာပါတယ် ဘုရား။)

သေချာတယ်နော်။ တဏှာတစ်ခု မရှိရင် အဲဒီ တဏှာကြောင့် ဖြစ်မယ့် ဆင်းရဲတစ်ခု ငြိမ်းတာပဲ။
ကိုင်း ... မေးမယ်။
ဟောဒီ ပရိသတ်မှာ ကျောင်းရှိသလား။ ကျောင်းဆိုတာ ဘုန်းကြီးကျောင်းပြောတာ။ ကိုယ်ပိုင်ဘုန်းကြီးကျောင်း ရှိသလား။
(မရှိပါ ဘုရား။)

မရှိရင် ငါ့ကျောင်းမှာ မိုးတွေများ စိုနေမလားဟဲ့၊ မိုးကလည်း ရွာတော့မယ်။ အဲဒီ စိုးရိမ်စိတ် ရှိပါ့မလား။
(မရှိပါဘူး ဘုရား။)

ဘာကြောင့် မရှိသလဲ။
(ကျောင်းမရှိလို့ပါ ဘုရား။)

ကျောင်းမရှိတော့ ကျောင်းပေါ်မှာ တွယ်တာ တပ်မက်တဲ့ တဏှာရှိသလား။
(မရှိပါ ဘုရား။)

အဲဒီလို ကျောင်းပေါ်မှာ တွယ်တာ တပ်မက်တဲ့ တဏှာငြိမ်းတော့ ကျောင်းနဲ့ပတ်သက်တဲ့ ဆင်းရဲ မငြိမ်းဘူးလား။
(ငြိမ်းပါတယ် ဘုရား။)

တဏှာငြိမ်းရင် ဆင်းရဲငြိမ်းတယ်။ ဟုတ်လား။
(ဟုတ်ပါတယ် ဘုရား။)

ဒါကြောင့် ဘုန်းကြီးများဆိုရင် ဘယ်သား ဘယ်သမီးအတွက်မှ ဘုန်းကြီး ဆင်းရဲမဖြစ်ဘူး။
(ပရိသတ် ရယ်ကြသည်။)
အမယ် ... မရယ်နဲ့လေ။ ဟုတ်တာ ပြောတာ။
ကဲ အဲဒါ ဘာကြောင့်လဲ။ သားသမီး မရှိတော့ သားသမီးကို တပ်မက်တဲ့ တဏှာရှိသလား။
(မရှိပါ ဘုရား။)

အဲဒီ တဏှာ မငြိမ်းဘူးလား။
(ငြိမ်းပါတယ် ဘုရား။)

ဒီတဏှာငြိမ်းတော့ ဘုန်းကြီးမှာ သားသမီးနဲ့ ပတ်သက်တဲ့ ဆင်းရဲမငြိမ်းဘူးလား။
(ငြိမ်းပါတယ် ဘုရား။)

အဲဒါ ထင်ရှားတဲ့ သာဓကတွေ မဟုတ်ပေဘူးလား။
(ဟုတ်ပါတယ် ဘုရား။)

ဒီတော့ တရားကျင့်ကြံ ပွားများ အားထုတ်လို့မို့ ရုပ်နဲ့နာမ်ကို သတိဦးစီးတဲ့ စိတ်နဲ့ မပြတ် ရှုလို့ ရုပ်နာမ်ရဲ့ သဘာဝအမှန်ကို သိပြီး အနိစ္စ၊ ဒုက္ခ၊ အနတ္တ လက္ခဏာတွေ သိမြင်တဲ့အခါ ဝိပဿနာဉာဏ်တွေ တဆင့်ထက် တဆင့် တက်သွားပြီး သောတာပတ္တိမဂ်ဉာဏ်ဖိုလ်ဉာဏ် ရတော့ ဒိဋ္ဌိနဲ့ ဝိစိကိစ္ဆာ ကိလေသာ ငြိမ်းတယ်။
သကဒါဂါမိမဂ်ဉာဏ်ဖိုလ်ဉာဏ် ရတော့ ကြမ်းတမ်းတဲ့ လောဘ ဒေါသ ကိလေသာတွေ ငြိမ်းတယ်။
အနာဂါမိမဂ်ဉာဏ်ဖိုလ်ဉာဏ် ရတော့ ကာမဘုံမှာ တွယ်တာ တပ်မက်တဲ့ လောဘနဲ့ ဒေါသ အားလုံး ငြိမ်းတယ်။
အရဟတ္တမဂ်ဉာဏ်ဖိုလ်ဉာဏ် ရတော့ ကျန်တဲ့ ကိလေသာအားလုံး အကြွင်းမဲ့ ငြိမ်းတယ်။

အဲဒီ ငြိမ်းတဲ့ ကိလေသာထဲမှာ အခုနက ပြောခဲ့တဲ့ မသိမှု အဝိဇ္ဇာရော၊ တပ်မက်မှု တဏှာရော ရှေ့ဆုံးက ပါတယ်။ မပါပေဘူးလား။
(ပါ,ပါတယ် ဘုရား။)
မငြိမ်းနိုင်ဘူးလား။
(ငြိမ်းနိုင်ပါတယ် ဘုရား။)

ငြိမ်းနိုင်တာကို ကျောင်းသူကျောင်းသား ဆရာ ဆရာမတွေမှာ ဘုန်းကြီးကျောင်းကို တပ်မက်တဲ့ တဏှာမရှိလို့ တဏှာငြိမ်းတာ သာဓက ပြခဲ့တယ်။ ဘုန်းကြီးမှာ သားသမီးကို တပ်မက်တဲ့ တဏှာငြိမ်းတာကို သာဓက ပြခဲ့တယ်။ တဏှာဆိုတာ ငြိမ်းနိုင်တယ်။ ငြိမ်းအောင် လုပ်လို့ရှိရင် ငြိမ်းနိုင်တယ်။ ဒါကို ပြောချင်တာပါ။

ဒီမှာလည်းပဲ အရဟတ္တမဂ်ဉာဏ်နဲ့ အရိယသစ္စာကို အမှန်အတိုင်း သိမြင်တဲ့အခါကျတော့ ဘာကိလေသာ ဘာအဝိဇ္ဇာ ဘာတဏှာမှ မရှိတော့ဘူး။ ကိလေသာအားလုံး အမြစ်မကျန် (အနုသယပါ) ငြိမ်းကုန်ကြတယ်။ ဒိဋ္ဌိလည်း မရှိတော့ဘူး။ ကိလေသာတွေ အကုန်လုံး ငြိမ်းသွားကြပြီ။

ဒီတော့ ဆင်းရဲရဲ့ အကြောင်းဖြစ်တဲ့ တွယ်တာ တပ်မက်မှု တဏှာငြိမ်းတဲ့ အခါကျတော့ ဒီ ရဟန္တာပုဂ္ဂိုလ်မှာ ဘာဆင်းရဲ ရှိဦးမလဲ။
(ဘာဆင်းရဲမှ မရှိပါ ဘုရား။)

မရှိတော့ဘူး။ သို့သော် အဲဒီ ရဟန္တာပုဂ္ဂိုလ်မှာ ရုပ်ခန္ဓာ နာမ်ခန္ဓာတော့ ကျန်မနေဘူးလား။
(ကျန်နေပါတယ် ဘုရား။)

ကျန်နေတော့ ရုပ်နာမ်တို့ရဲ့ ဖြစ်ပျက်မှု သင်္ခါရဒုက္ခဆိုတာတော့ မရှိဘူးလား။
(ရှိပါတယ် ဘုရား။)

ဒါကြောင့် အဲဒီ ရဟန္တာရတဲ့ အာရုံပြုတဲ့ ဆင်းရဲငြိမ်းမှုသဘော = နိဗ္ဗာန်ကို ရုပ်နာမ်ခန္ဓာ အကြွင်းအကျန်ရှိတဲ့ နိဗ္ဗာန် = သဥပါဒိသေသနိဗ္ဗာန် လို့ ခေါ်တယ်။ အဲဒါဟာ ဒီဘဝတင်ပဲ ရနိုင်တဲ့ နိဗ္ဗာန်ပဲ။
ဒီတော့ လုပ်ရင် မရဘူးလား။
(ရပါတယ် ဘုရား။)

ရတယ်။ ဒါပေမယ့် သင်္ခါရဒုက္ခဆိုတဲ့ ရုပ်နာမ်ခန္ဓာရဲ့ ဖြစ်မှုပျက်မှု ကျန်နေသေးတယ်။

အဲဒီ ရဟန္တာ ပရိနိဗ္ဗာန် စံပြီးတဲ့အခါကျတော့ ရှင်ချင်တယ်ဆိုတဲ့ တဏှာ မရှိတော့တဲ့အတွက် နောက်ဘဝမှာ အသက်ရှင်မှုဆိုတဲ့ ရုပ်သစ်နာမ်သစ် ပြန်ဖြစ်ဦးမလား။
(မဖြစ်တော့ပါ ဘုရား။)

မဖြစ်တော့ ရုပ်ခန္ဓာ နာမ်ခန္ဓာမှာ ရှိတဲ့ သင်္ခါရဒုက္ခဆိုတဲ့ ဆင်းရဲကော ရှိသေးသလား။
(မရှိပါ ဘုရား။)

မရှိတော့ ဒီဆင်းရဲ အားလုံး ငြိမ်းမသွားဘူးလား။
(ငြိမ်းသွားပါတယ် ဘုရား။)

အဲဒါကို အနုပါဒိသေသနိဗ္ဗာန် လို့ ခေါ်တယ်။ ရုပ်နာမ်ခန္ဓာ အကြွင်းအကျန် မရှိတော့ဘဲ လုံးဝ ငြိမ်းသွားတဲ့ နိဗ္ဗာန်ပဲ။

ဒီတော့ “ဒီနေရာမှာ ဘာမှ မရှိတာကိုများ နိဗ္ဗာန်ခေါ်ရသလား”လို့ ဆိုတော့ မဟုတ်ဘူး၊ ရှိတယ်။
ဘာရှိတာလည်းဆိုတော့ ဆင်းရဲငြိမ်းတဲ့ သဘာဝကြီး ရှိနေတယ်။ မဟုတ်ဘူးလား။
(ဟုတ်ပါတယ် ဘုရား။)

ဆင်းရဲငြိမ်းတဲ့ သဘာဝ ရှိမနေဘူးလား။
(ရှိနေပါတယ် ဘုရား။)

ဒါဖြင့် ရှိတာလား၊ မရှိတာလား။
(ရှိတာပါ ဘုရား။)

ဘာရှိတာလဲ။
(ဆင်းရဲငြိမ်းတဲ့ သဘာဝ ရှိတာပါ ဘုရား။)

ဆိုကြပါစို့။ ဒီမှာ မီးတောက်နေတယ်။ မီးပုံကြီး မီးတောက်နေတဲ့အခါကျတော့ “ဟဲ့ ... မီးတွေ တောက်နေတယ်။ ငြိမ်းလိုက်စမ်း”လို့ ခိုင်းတော့၊ ငြိမ်းပစ်လိုက်တယ်။ ဘာရှိသေးသလဲ။
(ဘာမှ မရှိပါ ဘုရား။)

ရှိတယ်။
(ရယ်ကြသည်။)

မီးငြိမ်းတဲ့ သဘာဝ မရှိဘူးလား။
(ရှိပါတယ် ဘုရား။)

မီးရှိတုန်းက မပူဘူးလား။
(ပူပါတယ် ဘုရား။)

အခု မီးငြိမ်းသွားတဲ့အခါကျတော့ ပူသေးလား။
(မပူတော့ပါ ဘုရား။)

အဲဒီတော့ အပူငြိမ်းတဲ့ သဘာဝ မရှိဘူးလား။
(ရှိပါတယ် ဘုရား။)

အဲဒီအတိုင်းပဲ ရုပ်ဒုက္ခ နာမ်ဒုက္ခ သင်္ခါရဒုက္ခပါ မရှိတဲ့အခါကျတော့ အဲဒီ သင်္ခါရဒုက္ခ သင်္ခါရဆင်းရဲပါ ငြိမ်းနေတဲ့ သဘာဝကြီး ရှိနေတယ်။ အဲဒါကို နိဗ္ဗာန်ခေါ်တယ်။

ရဟန္တာ ပရိနိဗ္ဗာန် စံတဲ့အခါ ရုပ်နာမ်ခန္ဓာ အားလုံး အဖြစ်ရပ်သွားတာနဲ့ နောက်ထပ် ရုပ်နာမ်အသစ် မဖြစ်ပေါ်တော့ဘဲ အဲဒီ ဆင်းရဲငြိမ်းတဲ့ မူလ သဘာဝကြီးကို ဆိုက်ရောက်သွားတာပဲ။ အဲဒါ အနုပါဒိသေသနိဗ္ဗာန်ပဲ။ အဲဒါဟာ နိဗ္ဗာန်ချမ်းသာပါပဲ။ လောကီစည်းစိမ်ချမ်းသာလို ခံစားရတဲ့ ချမ်းသာတော့ မဟုတ်ဘူး။ ဆင်းရဲငြိမ်းနေလို့ ဆင်းရဲမရှိလို့ ချမ်းသာလို့ ခေါ်ရတဲ့ သန္တိသုခ = ငြိမ်းအေးချမ်းသာပဲ။ ခံစားရတဲ့ ချမ်းသာ မဟုတ်ဘူး။

ချမ်းသာ ခံစားရရင် မကြာခင် ဆင်းရဲက ပေါ်လာဦးမှာပဲ။ ပြီးတော့ ခံစားရတဲ့ ချမ်းသာ = ဝေဒယိတသုခဟာ ဖြစ်မှုပျက်မှု ရှိနေတော့ ချမ်းသာစစ် မဟုတ်ဘူး။ သင်္ခါရဒုက္ခပဲ။
ဒါကြောင့် ဆင်းရဲ လုံးဝ ငြိမ်းနေတဲ့ သန္တိသုခ = ငြိမ်းအေးခြင်း ချမ်းသာမှသာ ချမ်းသာစစ် ချမ်းသာမှန်ပဲ။
ဒီတော့ “ဒီလိုဆိုရင် ဘုရား၊ ဘာမှ မရှိတာကြီး လို့ တပည့်တော်တို့ မြင်နေပါတယ်။ မလိုချင်ပါဘူး”လို့များ စိတ်ထဲမှာ ဖြစ်မိရင် ဒီလို စဉ်းစားကြည့်ပါ။

လူတစ်ယောက် ကင်ဆာရောဂါ ဖြစ်နေတယ်။ အော်ဟစ် ညည်းညူနေရတယ်။ ဝေဒနာက သိပ် ပြင်းထန်နေတယ်။ ဆရာဝန်တွေလည်း ကုပါရဲ့။ ဓာတ်လည်း ကင်ပါရဲ့။ ဒါပေမယ့် ရောဂါဝေဒနာက ပြင်းထန်တော့ မသက်သာဘူး။ တအော်အော် တအင်အင်နဲ့ နေရတယ်။ နေ့လည်း အော်၊ ညလည်း အော်နဲ့။ အဲဒါ ဆင်းရဲလား၊ ချမ်းသာလား။
(ဆင်းရဲပါ ဘုရား။)

ဒီဆင်းရဲ ကြိုက်သလား၊ မကြိုက်ဘူးလား။
(မကြိုက်ပါ ဘုရား။)

မကြိုက်တာ သေချာလား။
(သေချာပါတယ် ဘုရား။)

ဒါဖြင့် အဲဒီ ဆင်းရဲငြိမ်းအောင် ဘယ်လို လုပ်မလဲ။ အခက်သားပဲ နော်။ ဘုန်းကြီး Newsweek မဂ္ဂဇင်းထဲမှာ တွေ့တယ်။ အနောက်နိုင်ငံများမှာတော့ ကင်ဆာရောဂါ ပျောက်တဲ့ နှုန်းဟာ အားရစရာ ကောင်းလောက်အောင် တိုးတက်လာပါပြီတဲ့။ အဲဒါ သုတေသနတွေရဲ့ ဆေးကောင်းဝါးကောင်းတွေကြောင့် တိုးတက်လာပါပြီတဲ့။ ဒါကြောင့် အခု ကင်ဆာရောဂါဟာ စောစောသိရင် ပျောက်နိုင်ပြီတဲ့။

ဒါပေမယ့် အခု ဒီလူမမာကတော့ ဝေဒနာ အင်မတန် ပြင်းထန်နေလို့မို့ အလွန့်ကို နာနေ ကိုက်နေတယ်။ ကိုင်း ညလည်း မအိပ်ရ၊ နေ့လည်း မအိပ်ရနဲ့ အအိပ်ကလည်း ပျက်။ နာတာ ကျင်တာကလည်း ပြင်းထန်နဲ့။ ဆင်းရဲလိုက်တာ လွန်ရော။ ငါ့နှယ် သေတာ ကောင်းပါရဲ့လို့ ခဏခဏ သေပစ်လိုက်ချင်စိတ် ပေါ်နေတယ်။
အဲဒီလို မစဉ်းစားမိပေဘူးလား။
(စဉ်းစားမိပါတယ် ဘုရား။)

စဉ်းစားမိတယ်။ ဒါပေမယ့် တကယ် သေပါဆိုရင် သူ သေဝံ့ပါ့မလား။
(မသေဝံ့ပါ ဘုရား။)

မသေဝံ့လို့ ဆေးတွေ ကုနေတာပေါ့။ မဟုတ်ဘူးလား။
(ဟုတ်ပါတယ် ဘုရား။)

ဒီတော့ ဆရာဝန်က ကဲလေ ဒီလောက်တောင်မှ ခံစားနေရတာ ဒီနေ့ညတော့ ချမ်းသာရစေမယ်ပေါ့ ဆိုပြီးတော့ ကုပေးလိုက်တယ်။ ဘယ်လို ကုပေးသလဲဆိုရင် အားကောင်းတဲ့ အိပ်ဆေး ထိုးပေးလိုက်တယ်။ အိပ်ဆေးထိုးပြီးလို့ နာရီဝက်လောက် ကြာတော့ အိပ်ပျော်သွားရော။

ည ၁၀ နာရီလောက်ကနေ နှစ်နှစ်ခြိုက်ခြိုက်ကြီး အိပ်လိုက်တာ နံနက် ၈ နာရီလောက်ကျမှ နိုးတယ်။ အဲဒီ အိပ်ပျော်နေတုန်းမှာ သူ ဆင်းရဲကို သိသလား။
(မသိပါ ဘုရား။)

မသိဘူး နော်။ အဲဒီ အိပ်ပျော်နေတဲ့ အချိန်မှာ သူ ခံစားနေရတဲ့ ဆင်းရဲ ငြိမ်းမနေပေဘူးလား။
(ငြိမ်းနေပါတယ် ဘုရား။)

ငြိမ်းနေတယ် နော်။ ဒါပေမယ့် ဘာတော့ ခံစားနေရသလဲ။
(ဘာမှ မခံစားရပါ ဘုရား။)

ဘာမှ မခံစားရဘူးလား။
(မခံစားရပါ ဘုရား။)

ကောင်းတာဆိုလို့ ဘာမှတော့ မခံစားရဘူး။ သို့သော် ဆင်းရဲကတော့ ငြိမ်းနေတယ်။ ဆင်းရဲငြိမ်းတဲ့ သဘာဝထဲတော့ ဆိုက်ရောက်မနေဘူးလား။
(ဆိုက်ရောက်နေပါတယ် ဘုရား။)

အပိုင်း (၂) သို့...

မှတ်ချက်ပေးရန်

အကြံပေး မေးမြန်းလိုလျှင် ဒီထဲမှာမှတ်ချက်ပေးခဲ့ပါ။