နိဗ္ဗာန် ဆိုတာဆင်းရဲငြိမ်းခြင်းလား ဘာမှမရှိခြင်းလား(အပိုင်း ၂ )

ည ၁၀ နာရီလောက်ကနေ နှစ်နှစ်ခြိုက်ခြိုက်ကြီး အိပ်လိုက်တာ နံနက် ၈ နာရီလောက်ကျမှ နိုးတယ်။ အဲဒီ အိပ်ပျော်နေတုန်းမှာ သူ ဆင်းရဲကို သိသလား။
(မသိပါ ဘုရား။)

မသိဘူး နော်။ အဲဒီ အိပ်ပျော်နေတဲ့ အချိန်မှာ သူ ခံစားနေရတဲ့ ဆင်းရဲ ငြိမ်းမနေပေဘူးလား။
(ငြိမ်းနေပါတယ် ဘုရား။)

ငြိမ်းနေတယ် နော်။ ဒါပေမယ့် ဘာတော့ ခံစားနေရသလဲ။
(ဘာမှ မခံစားရပါ ဘုရား။)

ဘာမှ မခံစားရဘူးလား။
(မခံစားရပါ ဘုရား။)

ကောင်းတာဆိုလို့ ဘာမှတော့ မခံစားရဘူး။ သို့သော် ဆင်းရဲကတော့ ငြိမ်းနေတယ်။ ဆင်းရဲငြိမ်းတဲ့ သဘာဝထဲတော့ ဆိုက်ရောက်မနေဘူးလား။
(ဆိုက်ရောက်နေပါတယ် ဘုရား။)

နံနက် ၈ နာရီမှာ နိုးလည်း လာရော၊ နိုးလာတာနဲ့ တပြိုင်နက်တည်း အနာက နာလာတာပဲ။ အမေရယ် အဘရယ်နဲ့ အော်နေရတယ်။ ပြန် ဆင်းရဲပြန်တာပဲ။

ကိုင်း စဉ်းစားကြည့်။ အဲဒီ ဆင်းရဲနေတဲ့ လူမမာ တောက်လျှောက်ကြီး သိလျက် ဆင်းရဲနေတာကို သူ ကြိုက်မလား။ ဒါမှ မဟုတ် ခံစားမှု မရှိဘဲ ဆင်းရဲငြိမ်းနေတာကို သူကြိုက်မလား။
(ခံစားမှု မရှိဘဲ ဆင်းရဲငြိမ်းနေတာကို သူကြိုက်ပါတယ် ဘုရား။)

အဲဒီလိုဆိုရင် ခံစားမှု မရှိဘဲ ဆင်းရဲငြိမ်းတဲ့ သဘောဟာ မလိုလားအပ်ဘူးလား။
(လိုလားအပ်ပါတယ် ဘုရား။)

အဲဒါ ဘုန်းကြီး ဥပမာ ပြောတာ။
ခုနက အနုပါဒိသေသနိဗ္ဗာန်ဆိုတာ အဲဒါမျိုးပဲ။ ခံစားမှု မရှိဘဲ ဆင်းရဲခပ်သိမ်း အပြီးသတ် ငြိမ်းနေတဲ့ သဘောပဲ။ ဆင်းရဲငြိမ်းတော့ ချမ်းသာရနေတာပေါ့။ ခံတော့ မခံစားရဘူး။ ဝေဒယိတသုခ = ခံစားရတဲ့ ချမ်းသာ မရှိဘူး။ သန္တိသုခ = ငြိမ်းချမ်းသာပဲ ရှိတယ်။

ဒီတော့ နောက်တစ်ခုက နိဗ္ဗာန်ဆိုတာ ဘယ်မှာ ရှိပါသလဲ။
ကောင်းကင်မှာ ရှိပါသလားတဲ့။
ကိုင်း ... ဘယ်မှာ ရှိတယ်လို့ ပြောရမလဲ။
ဆင်းရဲတာ ဘာရှိလို့ ဆင်းရဲနေသလဲ။
(ရုပ်နဲ့နာမ် ရှိလို့ ဆင်းရဲနေပါတယ် ဘုရား။)

ရုပ်နဲ့နာမ် ခန္ဓာကိုယ်နဲ့စိတ် ရှိလို့ ဆင်းရဲနေတာ မဟုတ်လား။
(ဟုတ်ပါတယ် ဘုရား။)

အဲဒီတော့ ရုပ်နဲ့နာမ် ခန္ဓာကိုယ်နဲ့စိတ် နှစ်ခုရှိတဲ့အနက်က နာမ်ထဲက ဆင်းရဲကို ဖြစ်စေတဲ့ အဝိဇ္ဇာ တဏှာ အစရှိတဲ့ ကိလေသာတွေ ငြိမ်းသွားရင်ပဲ မချမ်းသာဘူးလား။
(ချမ်းသာပါတယ် ဘုရား။)

တဝက်မက ချမ်းသာသွားပြီ။ အများကြီး ချမ်းသာသွားပြီ။ ဆယ်ပုံပုံရင် ကိုးပုံ ချမ်းသာသွားပြီ။ တစ်ပုံပဲ ကျန်တော့တယ်။

ဒီတော့ အဲဒီ ကိလေသာငြိမ်းလို့မို့ ဆင်းရဲငြိမ်းတာဟာ ကောင်းကင်မှာ ရှိတာလား။ မြေကြီးထဲမှာ ရှိတာလား။ ဗြဟ္မာ့ဘုံမှာလား၊ နတ်ဘုံမှာလား။ ကိုင်း ဘယ်မှာ ရှိလဲ။
(ဘယ်မှာမှ မရှိပါ ဘုရား။)

အဲဒီ ကိလေသာငြိမ်းတဲ့ ပုဂ္ဂိုလ်ရဲ့ သန္တာန်မှာ မရှိပေဘူးလား။
(ရှိပါတယ် ဘုရား။)

ဒါဖြင့် နိဗ္ဗာန် ဘယ်မှာလဲ။
(ခန္ဓာကိုယ်မှာပါ ဘုရား။)

ဟုတ်ကဲ့လား။
(ဟုတ်ပါတယ် ဘုရား။)

မြတ်စွာဘုရား လက်ထက်တော်အခါက တစ်ချိန်မှာ ရောဟိတဿနတ်သားက မြတ်စွာဘုရားကို ဒီလို လျှောက်ဖူးတယ်။

မြတ်စွာဘုရား၊ တပည့်တော်ဟာ ရှေးဘဝတစ်ခုမှာ အလွန်တန်ခိုးကြီးတဲ့ ရသေ့ဖြစ်ခဲ့ပါတယ်။ ကျွမ်းကျင်တဲ့ လေးသမား ပစ်လွှတ်လိုက်တဲ့ မြားတစ်စင်း ထန်းပင်ရိပ်တစ်ခုကို ကျော်လွန်တဲ့အချိန်နှင့် တပည့်တော် စကြာဝဠာတစ်ခု ဖြတ်ကျော်တဲ့အချိန် ညီမျှသည်အထိ လျင်မြန်လှတဲ့ အဟုန် ရှိခဲ့ပါတယ်။ အဲဒီလောက် တပည့်တော် အသွား လျင်မြန်ခဲ့ပါတယ်။

အဲဒီလောက် အသွားလျင်မြန်လှတဲ့ တပည့်တော်ဟာ စကြာဝဠာအနန္တရှိတဲ့ လောကကြီးရဲ့ အဆုံးကို ရောက်ချင်တဲ့အတွက် ဆွမ်းခံချိန်၊ စားချိန်၊ သောက်ချိန်၊ အနည်းငယ်မျှဖြစ်တဲ့ အနားယူချိန်၊ တပိုတပါး သွားချိန်မှတပါး အချိန်ပြည့် နှစ်ပေါင်းတစ်ရာလုံးလုံး အဲဒီလောက် လျင်မြန်တဲ့ အဟုန်နဲ့ လောကကြီးရဲ့ အဆုံးကို သွားခဲ့ဖူးပါတယ်။ သို့သော်လည်း လောကကြီးရဲ့ အဆုံးကို မရောက်မီ လမ်းမှာပဲ သေဆုံးခဲ့ရပါတယ်။
အဲဒီလို လျှောက်ထားပါတယ်။

ဒီတော့ မြတ်စွာဘုရားက မအိုမနာ မသေရာဖြစ်တဲ့ လောကရဲ့ အဆုံးကို သွားခြင်းဖြင့် မရောက်နိုင်ကြောင်း မိန့်တော်မူပြီးတော့ ဒီလို မိန့်တော်မူပါတယ်။

“ဣမသ္မံယေဝ ဗျာမမတ္တေ ကဠေဝရေ သသညိမှိ သမနကေ လောက ဉ္စ ပညပေမိ လောကသမုဒယ ဉ္စ လောကနိရောဓ ဉ္စ လောကနိရောဓဂါမိနိ ဉ္စ ပဋိပဒံ”

ခု ရွတ်ပြခဲ့တဲ့ ရောဟိတဿသုတ်မှာ မြတ်စွာဘုရား မိန့်ကြားတော်မူတာက စိတ်ရှိတဲ့ တစ်လံမျှလောက်သော ခန္ဓာကိုယ်မှာပဲ လောကကို ငါဘုရား ဟောတော်မူတယ်တဲ့။
(ဒုက္ခသစ္စာကို ဆိုလိုပါတယ်။)

လောကဖြစ်ခြင်းရဲ့ အကြောင်းလည်း ဒီခန္ဓာကိုယ်မှာပဲတဲ့။
(သမုဒယသစ္စာ = တဏှာကို ဆိုလိုပါတယ်။)

ရုပ်နာမ်ဆိုတဲ့ လောကချုပ်ငြိမ်းတာလည်း ဒီခန္ဓာကိုယ်မှာပဲတဲ့။
(ဒါ ဆင်းရဲချုပ်ငြိမ်းခြင်း = နိရောဓသစ္စာကို မိန့်တော်မူတာပါ။)

အဲဒီ လောက ချုပ်ငြိမ်းအောင် ကျင့်တဲ့ အကျင့်လမ်းမှန်လည်း ဒီခန္ဓာကိုယ်မှာပဲ တဲ့။
(မဂ္ဂင်ရှစ်ပါး မဂ္ဂသစ္စာတရားကို ဆိုလိုပါတယ်။)

ဒီတော့ ဆင်းရဲငြိမ်းခြင်းဆိုတဲ့ နိဗ္ဗာန် ဘယ်မှာ ရှိသလဲ။
(ခန္ဓာကိုယ်မှာ ရှိပါတယ် ဘုရား။)

အဲဒီတော့ နိဗ္ဗာန် ဘယ်မှာလဲ။
(ခန္ဓာကိုယ်မှာပါ ဘုရား။)

ကောင်းကင်မှာလား။
(မဟုတ်ပါ ဘုရား။)

မြေကြီးထဲမှာလား။
(မဟုတ်ပါ ဘုရား။)

သေချာရဲ့လား။
(သေချာပါတယ် ဘုရား။)

နားလည်ပြီနော်။
သို့သော်လည်း ပြောစရာက နည်းနည်း ကျန်နေပါသေးတယ်။
အခု ပြောခဲ့တဲ့ ရောဟိတဿသုတ်မှာ လောကဆိုတာ ရုပ်နဲ့နာမ်ပါပဲ။ အဲဒီ ရုပ်နဲ့နာမ်ဟာ ဒုက္ခသစ္စာတရားပါပဲ။ ဒီတော့ လောကဆိုတာ ဒုက္ခကိုပဲ ရှင်တော်မြတ်ဘုရား မိန့်ကြားတော်မူတာ ဖြစ်ပါတယ်။ ဒီတော့ ဒီဒေသနာတော်အရ ဒုက္ခ၊ သမုဒယ၊ နိရောဓ၊ မဂ္ဂ ဆိုတဲ့ သစ္စာလေးပါးဟာ ခန္ဓာကိုယ်မှာ ရှိတယ်လို့ နားလည်ရပါတယ်။

ဒုက္ခသစ္စာကတော့ သတ္တဝါတိုင်းရဲ့ ခန္ဓာကိုယ်မှာ ရှိပါတယ်။
သမုဒယသစ္စာကတော့ ဘုရား ရဟန္တာတို့ရဲ့ ခန္ဓာကိုယ်မှာ မရှိပါဘူး။ တခြား သတ္တဝါများရဲ့ ခန္ဓာကိုယ်မှာသာ ရှိပါတယ်။
မဂ္ဂသစ္စာကတော့ ဝိပဿနာရှုဆဲ ပုဂ္ဂိုလ်များရဲ့ ခန္ဓာမှာ ပုဗ္ဗဘာဂမဂ် ရှိပြီး အရိယာပုဂ္ဂိုလ်တို့ရဲ့ မဂ်ဖိုလ်အခိုက်မှာ အရိယမဂ် ရှိပါတယ်။
မြတ်စွာဘုရားကတော့ ယထာလာဘ = ရသင့်သလို ယူဖို့ရာ ပေါင်းပြီး ဟောတော်မူခဲ့ခြင်း ဖြစ်ပါတယ်။

နိရောဓသစ္စာ = ဆင်းရဲငြိမ်းခြင်း အမှန်တရား = နိဗ္ဗာန်။ ဒီသစ္စာလည်း တစ်လံမျှလောက်သော ခန္ဓာကိုယ်မှာ ရှိတယ်လို့ ဟောတော်မူတော့ နိဗ္ဗာန်ရဲ့ တည်ရာဟာ ခန္ဓာကိုယ်ပဲလို့ ဆိုရာ ရောက်နေပါတယ်။

ဒါကြောင့် နိဗ္ဗာန်ဟာ တည်ရာ မရှိတဲ့တရား မဟုတ်၊ တည်ရာရှိတဲ့ တရားလို့ ယူဆစရာ ဖြစ်ပါတယ်။
တကယ်တော့ ဒီဒေသနာတော်ဟာ မုချဒေသနာတော် မဟုတ်ပါဘူး။
တင်စားပြီး ဟောတော်မူတဲ့ ဥပစာဒေသနာတော်သာ ဖြစ်ပါတယ်။

လောင်နေတဲ့ မီး ငြိမ်းသွားတဲ့အခါ “မီးဘယ်မှာ ငြိမ်းသလဲ”လို့ မေးရင် “ဟိုမျာ ငြိမ်းတယ်”လို့ မီးလောင်ပြီးရာ နေရာကို လက်ညှိုးထိုးပြ ရသော်လည်း တကယ်တော့ မီးငြိမ်းသွားမှုကို မြင်ရ တွေ့ရတာ မဟုတ်ပါဘူး။
မီးငြိမ်းသွားမှု၊ မီးမရှိဘဲ ဖြစ်နေမှုကို မမြင်ရ မတွေ့ရလို့ ဘယ်နေရာမှာ ငြိမ်းတယ်လို့ လက်ညှိုးထိုး ပြောလို့ မရပါဘူး။
မီးငြိမ်းတယ်ဆိုတာ မကြာမီကလေးက ရှိနေတဲ့ မီး၊ အခု မရှိဘဲ ဖြစ်သွားတာကိုပဲ ငြိမ်းတယ်လို့ ပြောကြရတာဖြစ်တော့ မီးငြိမ်းတာကို ပြောချင်ရင် မကြာမီက မီးရှိခဲ့တဲ့ နေရာကိုပဲ မီးငြိမ်းတဲ့ နေရာလို့ တင်စား ပြောကြရပါတယ်။

အဲဒီအတိုင်းပဲ ရုပ်နာမ်ခန္ဓာ ရှိနေသမျှတော့ ဆင်းရဲ မငြိမ်းနိုင်ဘူး။
ရုပ်နာမ်ခန္ဓာ ချုပ်ငြိမ်းပြီး နောက်ထပ် မဖြစ်ပေါ်တော့မှဘဲ ဆင်းရဲ လုံးဝ ငြိမ်းသွားတယ်။
ဆင်းရဲငြိမ်းမှုဟာ ဆင်းရဲအမှန်ဖြစ်တဲ့ ရုပ်နာမ်ခန္ဓာနဲ့ ဆက်စပ်နေတယ်။
ဒါကြောင့် ဆင်းရဲငြိမ်းခြင်းဆိုတဲ့ နိဗ္ဗာန်ကို ဆင်းရဲမငြိမ်းမီက ရှိနေတဲ့ ရုပ်နာမ်ခန္ဓာမှာ ရှိတယ်လို့ တင်စားပြီး မြတ်စွာဘုရား ဟောတော်မူတာ ဖြစ်ပါတယ်။

နောက်ပြီးတော့ နိဗ္ဗာန်နှင့် ပတ်သက်လို့ “ရွှေပြည်နိဗ္ဗာန် ဝင်စံတော်မူသည်”လို့ သုံးနှုန်းတဲ့ အရာမှာလည်း တင်စားမှုပါပဲ။
နိဗ္ဗာန်ဟာ တည်နေရာ တိုင်းကြီး ပြည်ကြီး မဟုတ်ပါဘူး။ ရွှေပြည်တော်ကြီးဟာ ရောက်ချင် နေချင်စရာ သာယာစည်ကားသလို နိဗ္ဗာန = အငြိမ်းဓာတ်ကြီးဟာလည်း ဆင်းရဲ လုံးဝ မရှိလို့ ရချင် ရောက်ချင်စရာ မျက်မှောက်ပြုချင်စရာ ကောင်းလှကြောင်း အတူပြုပြီး တင်စား သုံးနှုန်းတာပါပဲ။ သဒိသူပစာ လို့ ခေါ်ပါတယ်။

သို့သော် ဒီနေရာမှာ တစ်ခုတော့ သတိပြုရလိမ့်မယ်။
မဟာယာနဗုဒ္ဓဘာသာရဲ့ ဂိုဏ်းခွဲတစ်ခုဖြစ်တဲ့ သုခဝတီဗျူဟာဂိုဏ်းကတော့ အနောက်ဘက် ကောင်းကင်မှာ အလွန်သာယာလှတဲ့ နိဗ္ဗာန်ရွှေပြည်ကြီး ရှိတယ်လို့ ယူဆပါတယ်။
သုခဝတီနိဗ္ဗာန်လို့ ခေါ်ပါတယ်။
အဲဒီ နိဗ္ဗာန်မှာ ပရိနိဗ္ဗာန်စံတော်မူပြီးတဲ့ ရှေးရှေး ရှင်တော်မြတ်ဘုရားများ ချမ်းသာစွာ စံတော်မူလျက်ရှိကြောင်း ယူဆပါတယ်။
အဲဒါ ဘုန်းကြီးတို့ ထေရဝါဒဗုဒ္ဓဘာသာနဲ့ မသက်ဆိုင်ပါဘူး။

နောက်တစ်ခုက လွန်ခဲ့တဲ့ ၂၅-နှစ်လောက်က အငြိမ်းစား တရားလွှတ်တော်ချုပ် တရားသူကြီးတစ်ယောက်က ဘုန်းကြီးကို မေးဖူးတာ ရှိပါတယ်။

သူက ရှေးဆရာတော်ကြီးများ ပြုစုတော်မူကြတဲ့ ကျမ်းဂန်တွေမှာ သင်္ခတဓာတ်မှ အသင်္ခတဓာတ်သို့ ရောက်သွားတယ်ဆိုတဲ့ အဓိပ္ပာယ်ကို ဖတ်ရ မှတ်ရပါတယ်။
နိဗ္ဗာန်ဟာ အသင်္ခတဓာတ်ဆိုတော့ ပထဝီစတဲ့ ဓာတ်ကြီးများလို ရုပ်ဓာတ်ပါလား။ ဒါမှမဟုတ် ဝိညာဏဓာတ်လို နာမ်ဓာတ်ပါလားလို့ မေးပါတယ်။

မေးလည်း မေးစရာပါပဲ။
နိဗ္ဗာန်ဟာ ရုပ်ဓာတ်လည်း မဟုတ်။ စိတ် စေတသိက်လို နာမ်ဓာတ်လည်း မဟုတ်ပါဘူး။
(ဤနေရာ၌ ‘နာမ်ဓာတ်လည်း မဟုတ်ဘူး’ဆိုသည်မှာ ‘စိတ်, စေတသိက်တို့ကဲ့သို့ အာရုံသို့ ညွတ်တတ်သော နာမ်မဟုတ်’ဟု ဆိုလိုပါသည်။ ‘မိမိသို့ အာရမ္မဏိကတရားတို့ကို ညွတ်စေတတ်သောကြောင့် နာမ်မည်၏’ဟူသော ဝစနတ္ထအရမူ နိဗ္ဗာန်ကို နာမ်တရား၌ သွင်းယူရပါသည်။)

ဓာတု = ဓာတ် ဆိုတာ သဘာဝတရားကို ဆိုလိုပါတယ်။
ဒါကြောင့် အသင်္ခတဓာတ်ဆိုတာ အသင်္ခတ သဘာဝ = အကြောင်းကြောင့် ဖြစ်တာ မဟုတ်ဘဲ မူလကတည်းက ရှိနေတဲ့ အရှိသဘာဝတရားလို့ ဆိုလိုတာပါပဲ။

ကဲ ... ဒါလောက်ဆိုရင် နိဗ္ဗာန်မေးခွန်းရဲ့ အဖြေ တော်သင့်လောက်ပါပြီ။

“ချမ်းမြေ့ဆရာတော်ဘုရားကြီး၏ “တက္ကသိုလ်ဓမ္မသဘင်” မှ
အပိုင်း (၁) သို့...

  

မှတ်ချက်ပေးရန်

အကြံပေး မေးမြန်းလိုလျှင် ဒီထဲမှာမှတ်ချက်ပေးခဲ့ပါ။