ကွယ်လွန်သူအတွက် ရည်စူး၍ အလှူဒါန ပြုလုပ်နည်း

ကွယ်လွန်သူအတွက် ရည်စူး၍ ပြုလုပ်သောအလှူဒါန၏ အကျိုးဆက်သည်-
(၁) ကွယ်လွန်သူသည် မထင်မှတ်ဘဲ ပြိတ္တာဘုံသို့ ရောက်နေခဲ့သော်
မြင့်မြတ်သော ဘုံဘဝသို့ ကူးပြောင်းရောက်ရှိသွားစေရန်
ကူညီပေးခြင်း ဖြစ်ပါသည်။
(၂) သံသရာဘဝအဆက်ဆက်က တော်စပ်ခဲ့ဖူးသော ဆွေမျိုးပြိတ္တာများ ကျွတ်လွတ်နိုင်ရန်အတွက်လည်း ကူညီဆောင်ရွက်ပေးခြင်း ဖြစ်ပါသည်။
(၃) အလှူဒါနကို ငွေအားလူအားဖြင့် ပါဝင်ဆောင်ရွက်သူများအတွက်လည်း
ယခုဘဝ နောင်ဘဝ ကောင်းကျိုးချမ်းသာများ ရရှိကြမည်ဖြစ်ပါသည်။

★လုပ်ဆောင်ရန်(၁)။ ။ ကြိုတင်၍ ရက်သတ်မှတ်ပါ။

အလှူဒါနပြုလုပ်မည့် နေ့ရက်နှင့်အချိန်တို့ကို ကြိုတင်၍
ညှိနှိုင်းသတ်မှတ်ထားရန် လိုပါသည်။

★လုပ်ဆောင်ရန်(၂)။ ။ ကွယ်လွန်သူအား ကြိုတင်ဖိတ်ခေါ်အကြောင်းကြားထားပါ။

အလှူဒါနပြုမည့် (-)နေ့၊ (-)နာရီခန့်တွင်
(-)နေ့က ကွယ်လွန်သွားသူ (-)နေ့သား ဦး/ဒေါ်(-)သည် ရောက်ရာဘုံဘဝ ရောက်ရာဌာနမှ ၎င်းအတွက် ရည်စူး၍ အလှူဒါနပြုလုပ်ရာ (-)မြို့၊ (-)လမ်း ၊ အိမ်အမှတ်(-)သို့
လာရောက်ပြီး တရားနာယူ သာဓုခေါ်ပါရန် ကြိုတင်ဖိတ်ခေါ် အကြောင်းကြားထားပါ။
(အလှူနေ့မတိုင်ခင် ကွယ်လွန်သူအား သတိရတိုင်း ကျန်ရစ်သူများက နှုတ်မှ အကြိမ်ကြိမ် ဖိတ်ခေါ်အကြောင်းကြားသင့်ပါသည်။)

★လုပ်ဆောင်ရန်(၃)။ ။ ပဌာန်းဆက်ပုဂ္ဂိုလ်များအား အကူအညီတောင်းပါ။

"ရှည်လျားလှသော သံသရာဘဝများက
ကွယ်လွန်သူ ဦး/ဒေါ်(-)နှင့် ဆွေမျိုးတော်စပ်ခဲ့ဖူးကြသော ပဌာန်းဆက်ပုဂ္ဂိုလ်အပေါင်းကလည်း ကွယ်လွန်သူအား ရောက်ရာဘုံဌာနမှ (-)နေ့တွင် ပြုလုပ်ကြမည့် အလှူအိမ်သို့
ကူညီရှာဖွေ၍ စေလွှတ်ပေးကြပါရန်" ကြိုတင်မေတ္တာရပ် လျှောက်ထားပါ။
(သာမန်လူတစ်ယောက်က အကြောင်းကြားဖိတ်ခေါ်ခြင်းထက် သာမန်လူထက် အဆင့်မြင့်သော မိမိတို့နှင့်လည်း အကြောင်းဆက်ရှိသော သူတော်စင်များ၏ အမိန့်နှင့် အာဏာက ပို၍ စူးရှထိရောက်ပါသည်။)

★လုပ်ဆောင်ရန်(၄)။ ။ အရပ်ဒေသဆိုင်ရာ ပုဂ္ဂိုလ်များအား အကူအညီတောင်းပါ။

မိမိတို့ အရပ်ဒေသဆိုင်ရာ မမြင်ရသောအကြီးအကဲပုဂ္ဂိုလ်များ
(ရွှေတိဂုံဘိုးဘိုး၊ ဆူးလေဘိုးဘိုး စသဖြင့်…) အိမ်စောင့်နတ်၊ ခြံစောင့်နတ်၊ လမ်းစောင့်နတ်၊ ရွာစောင့်နတ်၊ မြို့စောင့်နတ်၊ တောစောင့်နတ်၊ တောင်စောင့်နတ်၊
(သဂြိုဟ်ခဲ့သော သုသာန်၏)သုသာန်စောင့်နတ်၊ ရွာတော်ရှင်၊ မြို့တော်ရှင်၊ ကွင်းပိုင်၊ နယ်ပိုင် စသောပုဂ္ဂိုလ်များအား
ပြုခဲ့ပြီးသော ကုသိုလ်အစုစုကို အမျှဝေပါ။
ပြီးလျှင်"ကွယ်လွန်သူ ဦး/ဒေါ်(-)အား အသင်တို့နှင့် သက်ဆိုင်သော အရပ်ဒေသအတွင်း၌ တစ္ဆေ သရဲ ပြိတ္တာ…
ဖြစ်နေခဲ့သော် အလှူပြုလုပ်ရာနေရာသို့ သာဓုခေါ်နိုင်ရန်အတွက် ကူညီစေလွှတ်ပေးပါရန်နှင့် အနှောင့်အယှက် အတားအဆီးများ ရှိနေပါကလည်း ဖယ်ရှားရှင်းလင်းပေးပါရန်" မေတ္တာရပ်ခံပါ။
(လက်အုပ်ချီ၍ ပြောဆိုခြင်း၊ ကန်တော့ခြင်းများ လုံးဝမပြုအပ်ပါ။
ပြုလျှင် သရဏဂုံ ညှိုးနွမ်း၏။)

★လုပ်ဆောင်ရန်(၅)။ ။ ပင့်ဖိတ်ရန် အလှူခံပုဂ္ဂိုလ်များ။

အလှူအတွက် ပင့်ဖိတ်သော ရဟန်းသံဃာတော်များတွင်
အကျင့်သီလ သိက္ခာသမာဓိနှင့် ပြည့်စုံတော်မူသော သံဃာတော်များ ပါဝင်ရန် အလွန်အရေးကြီးပါသည်။ သီလဖြူစင်ပြည့်စုံသော သံဃာတော်များကို ရွေးချယ်ရန် အခက်အခဲရှိပါက သံဃိကစိတ်ထားဖြင့် ပင့်ဖိတ်တတ်ရန်နှင့် လှူတတ်ရန် လိုပါသည်။ သီလ ညှိုးနွမ်းနေသော ဒုဿီလရဟန်းဖြစ်နေပါလျှင်၊ အလှူပြုသူကလည်း သံဃိကစိတ်ထားဖြင့် မလှူတတ်ပါလျှင် ကွယ်လွန်သူအဖို့ ယင်းကုသိုလ်၏ အဖို့ဘာဂ အမျှကို သာဓုမခေါ်နိုင်ပေ။ သာဓုမခေါ်နိုင်သဖြင့် ကောင်းကျိုးသုခကို မရရှိနိုင်တော့ပေ။
(သံဃာတော်များအားလုံးကို ရည်စူး၍ လှူဒါန်းသောအလှူကို သံဃိက အလှူဟု ခေါ်ပါသည်)

★လုပ်ဆောင်ရန်(၆)။ ။ သံဃာတော်များကို ပင့်ဖိတ်လျှောက်ထားနည်း။

အကျင့်သီလသိက္ခာနှင့် ပြည့်စုံတော်မူခြင်းရှိမရှိကို မရွေးချယ်တတ်လျှင်
ပုဂ္ဂလဓိဌာန်ဖြင့် မလှူဘဲ သံဃာတော်များကို ရည်စူး၍(သံဃိက) အလှူအဖြစ် လှူဒါန်းရပါမည်။ သံဃိကဒါနမြောက်အောင် ပင့်ဖိတ်နည်းမှာ-
"ကွယ်လွန်သူ ဦး/ဒေါ်(-)အတွက် ရက်လည်ဆွမ်း၊လလည်ဆွမ်း
အလှူဒါန ပြုလုပ်လှူဒါန်းလိုပါသဖြင့် သံဃာတော်(-)ပါး ကြွရောက်ချီးမြှင့် အလှူခံတော်မူပါဘုရား"ဟု ပင့်ဖိတ်လိုရာကျောင်းမှ အကြီးအကဲဆရာတော်အား လျှောက်ထားပါ။
ဖြစ်နိုင်ပါက အနည်းဆုံး သံဃာတော် ၄ပါး၊ ၅ပါးခန့် ပင့်ဖိတ်လှူဒါန်းနိုင်ရန် ကြိုးစားပါ။
သံဃာတော်များကို အလှူအတွက် ပင့်ဖိတ်လျှောက်ထားချိန်မှစ၍
အလှူပွဲပြီးဆုံးသည်အထိ သံဃိကဒါန အထမြောက်အောင် စိတ်ထားတတ်ရန် အလွန်အရေးကြီးပါသည်။ သံဃိကဒါနမြောက်လျှင် ရဟန္တာပုဂ္ဂိုလ်မြတ်ကြီးကို လှူဒါန်းလိုက်ရခြင်းထက် သာလွန်၍ အကျိုးများကြောင်း ဘုရားရှင်က ဟောကြားတော်မူခဲ့ပါသည်။

★လုပ်ဆောင်ရန်(၇)။ ။ ကွယ်လွန်သူအား အလှူပွဲသို့ လာရောက်နိုင်ရန်အတွက် ဆင့်ခေါ်ပေးပါရန် သံဃာတော်များကို ရိုသေစွာ လျှောက်ထားပါ။ မေတ္တာရပ်ပါ။

သာမန်လူတစ်ဦးက ကွယ်လွန်သူအား အကြောင်းကြားဖိတ်ခေါ်သည်ထက်
မိမိတို့ထက် သီလပြည့်စုံ သာလွန်မြင့်မြတ်သော သံဃာတော်များက ကူညီ၍ အကြောင်းကြား ဆင့်ခေါ်ပေးလျှင် ပို၍ ထိရောက်မှုရှိပါမည်။
ထို့ကြောင့် စာရွက်ပေါ်တွင် အောက်ပါအချက်အလက်များကို
သပ်သပ်ရပ်ရပ်ရေး၍ သွားရောက်ပင့်ဖိတ်သောကျောင်းတိုက်မှ ဆရာတော်အား ရိုရိုသေသေ ဆက်ကပ်၍ အောက်ပါအတိုင်း လျှောက်ထား အကူအညီတောင်းခံပါ။
"ကွယ်လွန်သွားသူအား အလှူပြုလုပ်မည့်နေရာသို့ လာရောက်တရားနာ သာဓုခေါ်နိုင်ရန်အတွက် ဆရာတော်ဘုရားမှ မေတ္တာရှေ့ထား၍ ကူညီအကြောင်းကြား ဆင့်ခေါ်ပေးပါရန် ရိုသေစွာ လျှောက်ထားအသနားခံပါသည်ဘုရား"
(၁) ကွယ်လွန်သူအမည်
(၂) နေ့၊ သား/သမီး
(၃) ကွယ်လွန်သောအသက်
(၄) ကွယ်လွန်သောနေ့ရက်
(၅) သင်္ဂြိုဟ်သောသုသာန်
(၆) သင်္ဂြိုဟ်သောနေ့ရက်
(၇) အလှူပြုလုပ်မည့်နေရာ
(၈) အလှူပြုလုပ်မည့်နေ့ရက်နှင့်အချိန်
အထက်ပါ အချက်အလက်များ တိတိကျကျရေးထားသော စာရွက်ကို ဆက်ကပ်ပါ။
ကွယ်လွန်သူ၏ အမည်နာမလောက်သာ ပြော၍ ဖိတ်ခေါ်ပါလျှင် ဤအခွင့်အရေးကို
စောင့်မျှော်နေကြသော နာမည်တူ ကွယ်လွန်သွားပြီးသူများ မြောက်မြားစွာ ရှိနေကြသောကြောင့် ဖြစ်ပါသည်။

★လုပ်ဆောင်ရန်(၈)။ ။ လှူဖွယ်ဝတ္ထုပစ္စည်းများ။

သံဃာတော်များအား လှူဒါန်းသော လှူဖွယ်ပစ္စည်းများသည် ဆွမ်း၊ ဆွမ်းဟင်း၊ ရေ၊ သပိတ်၊ သင်္ကန်း၊ ထီး၊ ယပ်၊ ဖိနပ်၊
နေကထိုင်ခင်း၊ ဆေးအမျိုးမျိုး… စသည်များ ဖြစ်သင့်ပါသည်။
ဘုရားကျောင်းတော်ဆောင်၊ ဇရပ်၊ သိမ်၊ ရေချမ်းစင်တို့ပါ လှူဒါန်းနိုင်လျှင် ပို၍ ကောင်းပါသည်။
ငွေကြေးကို ဤကိစ္စအတွက် ဦးစားပေးမလှူသင့်ပါ။
(ဆွမ်း၊ ဆွမ်းဟင်း)+(ရေ)+(သင်္ကန်း) ပစ္စည်းသုံးမျိုးကို ပထမဦးစားပေး လှူသင့်သည်။
ငွေကြေးလှူလိုလျှင်လည်း "နဝကမ္မအလှူငွေ"ဟု စာအိတ်ပေါ်တွင် ရေးပြီး လှူဒါန်းနိုင်ပါသည်။ ငွေကြေးကို တိုက်ရိုက်အလှူမခံသော သံဃာတော်များ ဖြစ်ပါက
ဤသို့ လျှောက်ထားပါ။
"ဆရာတော်ဘုရား၏ အပ်စပ်သောပစ္စည်းလေးပါးအတွက်
(-)ကျပ်တန် ပစ္စည်းဝတ္ထုကိုလှူဒါန်းပါ၏ဘုရား။
လိုအပ်သောအချိန်တွင် ကပ္ပိယကြီးအား
လိုအပ်သလို ညွှန်ကြားတော်မူပါဘုရား"ဟု လျှောက်ထားပြီး ကပ္ပိယမှတစ်ဆင့် လှူပါ။
ကွယ်လွန်သူအတွက် ထိရောက်စွာ အကျိုးပြုသောလှူဖွယ်ပစ္စည်းများကို
ရွေးချယ်တတ်ရန် အလွန်အရေးကြီးပါသည်။
ဆွမ်း၊ ဆွမ်းဟင်း၊ ရေ၊ သပိတ် လှူပါက ကွယ်လွန်သူအတွက် ချက်ချင်း
အစာရေစာ ပြည့်စုံစေပါသည်။ အစားဆင်းရဲခြင်းဒုက္ခမှ ကင်းဝေးစေပါသည်။
သင်္ကန်းလှူပါက ကွယ်လွန်သူအတွက် အဝတ်တန်ဆာ ပြည့်စုံစေပါသည်။
(မတတ်နိုင်လျှင် မျက်နှာသုပ်ပဝါ ပိတ်စတို့ လှူ၍ ရပါသည်။)
ထီး၊ ယပ် လှူပါက ကွယ်လွန်သူအတွက် ပူလောင်ခြင်းဒုက္ခမှ ကင်းဝေးစေပါသည်။
ဆေး၊ ဆေးပစ္စည်းများ လှူပါက ကွယ်လွန်သူသည် ဘဝသစ်တွင် ခံစားနေရတတ်သော
ရောဂါဝေဒနာများ ချက်ချင်း သက်သာပျောက်ကင်းစေပါသည်။
နေကထိုင်ခင်း၊ ဖျာ၊ ကျောင်း၊ ဇရပ်၊ သိမ်တို့ လှူပါက ကွယ်လွန်သူအတွက် နားခိုရန်
ဌာန ပြည့်စုံစေပါသည်။ အနေဆင်းရဲခြင်းဒုက္ခမှ ကင်းဝေးစေပါသည်။
(ကျောင်းနှင့်သိမ်တို့ ဆောက်လုပ်ရန် တစ်ဦးတည်းမတတ်နိုင်ပါက မိမိတို့
တတ်နိုင်သရွေ့ကို ကွယ်လွန်သူအတွက် ရည်စူး၍ ကျောင်း၊ သိမ်၊ ဇရပ်
ဆောက်နေသော နေရာဌာနသို့ သွားရောက်လှူဒါန်းလျှင်လည်း ရပါသည်။
(လှူဒါန်းခဲ့သော် အလှူနေ့ ရေစက်ချပေးမည့် ဆရာတော်သိရှိအောင် ကြိုတင် အသိပေးလျှောက်ထားပါ။)

★ လုပ်ဆောင်ရန်(၉)။ ။ အလှူနေ့ နံနက်စောစောတွင် ဆောင်ရွက်ရန်။

အိမ်ရှိ ဘုရားခန်းတွင် ဘုရားရှင်အား ရည်မှန်း၍ ဆွမ်း၊ ဆွမ်းဟင်း၊ သောက်တော်ရေ၊ ဆီမီး…တို့ကို
"ကွယ်လွန်သူ ဖခင်၊ မိခင် ဦး/ဒေါ်(-)အတွက် ရည်စူး၍ ကပ်လှူပါသည်ဘုရား" ဟု နှုတ်မှ ရွတ်ဆို၍ ဆက်ကပ်ပါ။

★လုပ်ဆောင်ရန်(၁၀)။ ။ အဝင်အထွက် တံခါးမကြီးကို ဖွင့်ထားပေးပါ။

အလှူပြုသည့်နေ့တွင် အလှူပြုလုပ်ရာ အိမ်အဝင်အထွက်တံခါးနှင့် ခြံတံခါးကို
ဖွင့်ထားပါ။ ပိတ်ထားလျှင် ကွယ်လွန်သူသည် အိမ်ထဲသို့ ဝင်ရောက်ရန် အခက်အခဲ ရှိနိုင်ပါသည်။

★လုပ်ဆောင်ရန်(၁၁)။ ။ အလှူနေ့ သံဃာတော်များ ကြွရောက်ကာနီးတွင် ကွယ်လွန်သူအား တရားနာ
သာဓုခေါ်ရန်အတွက် အိမ်တွင်းသို့ ဝင်ရောက်ပါရန် ထပ်မံဖိတ်ခေါ်ပါ။

★လုပ်ဆောင်ရန်(၁၂)။ ။ သံဃာတော်များ ကြွရောက်လာသော် ဆောင်ရွက်ရန်။

ကွယ်လွန်သူအား ထပ်မံဖိတ်ခေါ်ပါ။
အိမ်စောင့်နတ် ခြံစောင့်နတ်တို့ကိုလည်း ကွယ်လွန်သူ ဦး/ဒေါ်(-)အား
ခြံတွင်းသို့ ဝင်ခွင့်ပြုပါရန်နှင့် အနှောင့်အယှက် အဟန့်အတားများကို
ဖယ်ရှားရှင်းလင်းပေးရန် မေတ္တာရပ်ခံပါ။
အလှူပြုလုပ်ရာနေရာသည် ဘုန်းကြီးကျောင်း၊ ဓမ္မာရုံ ဖြစ်ပါက ကွယ်လွန်သူအား ဝင်ရောက်ခွင့်ပြုရန် ဆရာတော်အကြီးအကဲ၏ ခွင့်ပြုချက်ကို ကြိုတင်တောင်းခံပါ။
ပြီးလျှင် သာသနာစောင့်နတ် ကျောင်းစောင့်နတ်တို့၏ ခွင့်ပြုချက်ကို တောင်းခံပါ။

★လုပ်ဆောင်ရန်(၁၃)။ ။ ဆွမ်းဆက်ကပ်ရာနှင့် လှူဖွယ်ပစ္စည်းများကို ဆက်ကပ်တိုင်း ကွယ်လွန်သူ၏အမည်ကို နှုတ်မှ အသံထွက် ပြော၍ ဆက်ကပ်ပါရန်။
ဥပမာ - သံဃာတော်များအား ဆွမ်းဆက်ကပ်သည်ဆိုပါက "ကွယ်လွန်သွားသူ ဖခင်ကြီး၊ မိခင်ကြီး ဦး/ဒေါ်(-) အား ရည်စူး၍ ဆွမ်းဆက်ကပ်ပါသည်ဘုရား"
သင်္ကန်းဆက်ကပ်သည် ဆိုပါကလည်း "ကွယ်လွန်သွားသူ ဖခင်ကြီး မိခင်ကြီး ဦး/ဒေါ် (-) အား ရည်စူး၍ သင်္ကန်းဆက်ကပ်ပါသည်ဘုရား"
လှူဖွယ်ပစ္စည်းများ ဆက်ကပ်တိုင်း အထက်ပါအတိုင်း ပြောဆိုလျှောက်ထား၍ ဆက်ကပ်ပါ။ ထိုသို့ ဆက်ကပ်မည့်သူများသည် ကွယ်လွန်သွားသူက အလွန်သံယောဇဉ်ရှိခဲ့သော ချစ်ခင်လေးစားခဲ့သောသူများဖြစ်လေ ပိုကောင်းလေ ဖြစ်ပါသည်။

★လုပ်ဆောင်ရန်(၁၄)။ ။ရေစက်ချ အမျှဝေရန်။

ရေစက်ချ အမျှဝေခြင်းကို တစ်ဦးတည်းက
ဆောင်ရွက်သည်ထက် ကျန်ရစ်သူအများက စုပေါင်း၍ ရေစက်ချ အမျှဝေလျှင် ပို၍ အကျိုးသက်ရောက်မှု ရှိပါသည်။
အထူးသတိပြုရန်မှာ- ရေစက်ချအမျှဝေမည့်သူများသည်
ငိုကြွေးခြင်း ပူဆွေးခြင်း စသည့် အကုသိုလ်စိတ်များကို
ပယ်ဖျောက်၍ စိတ်ကြည်လင်စွာ ရေစက်ချ အမျှပေးရန် လိုပါသည်။
အထူးအရေးကြီးသည်မှာ -
ရေနှင့်ရေကရားကို မလိုအပ်ပါဘဲ အာရုံစိုက်နေခြင်းထက် ရှေ့မှ ဆရာတော် တိုင်ပေးနေသည်ကို အပြည့်အဝ အာရုံပြုတတ်ရန်၊
ကွယ်လွန်သွားသူကို သာဓုခေါ်ဆိုနိုင်ပါစေရန် လေးလေးနက်နက်စိတ်ဆန္ဒထားရှိရန်၊ မိမိတို့၏ စိတ်ကို ဟိုရောက်ဒီရောက်၊ မျက်စိက ဟိုကြည့်ဒီကြည့် မဖြစ်စေဘဲ တည်တည်ငြိမ်ငြိမ်ဖြင့် ကုသိုလ်ကို အာရုံပြုနိုင်ရန်
"ဤဆောင်ရွက်နေသော ကုသိုလ်များကို ကွယ်လွန်သွားသူ သာဓုခေါ်နိုင်ပါစေ"၊
"ကုသိုလ်၏ အကျိုးဆက်တွေကို ရရှိခံစားနိုင်ပါစေ" ဟု ဉာဏ်သက်ဝင်စွာဖြင့် ဆုတောင်းအာရုံပြုနိုင်ရန် အထူးအရေးကြီးပါသည်။
(မှတ်ချက်)ကွယ်လွန်သူအတွက် သီးခြားရေစက်ခွက်ကို သင့်တော်မည့်နေရာတွင် စီစဉ်ပေးလိုသော ဆန္ဒရှိပါက လေးလေးစားစား စီစဉ်ပေးနိုင်ပါသည်။

★လုပ်ဆောင်ရန်(၁၅)။ ။ အမျှဝေခြင်း။

ရေစက်ချအပြီး အမျှဝေသော် ဦးဆောင်ဆရာတော် ရွတ်ဆိုပေးသည့်အတိုင်း လိုက်ဆို၍ ကွယ်လွန်သူကို စူးစူးစိုက်စိုက်အာရုံပြုကာ ၎င်း၏အမည်ကို နှုတ်မှ
လေးလေးနက်နက်ခေါ်ပြီး အမျှပေးဝေသင့်ပါသည်။

★လုပ်ဆောင်ရန်(၁၆)။ ။ အိမ်၊ ခြံ အပြင်သို့ထွက်၍လည်း အမျှပေးဝေပါ။

ကွယ်လွန်သူသည် မကျွတ်မလွတ်သေးသော ပြိတ္တာဘုံသို့ ရောက်ရှိနေပါက အလှူအိမ်သို့ ၎င်း၏ အပေါင်းအဖော်များကို သာဓုခေါ်စေရန်အတွက် ခေါ်လာတတ်ပါသည်။
အလှူအိမ်ဝန်းကျင်ရှိ မကျွတ်မလွတ်ကြကုန်သော သတ္တဝါအပေါင်းသည်လည်း သာဓုခေါ်လိုကြသဖြင့် အလှူအိမ်အပြင်ဘက်တွင် စောင့်နေတတ်ကြပါသည်။
၎င်းတို့သည် အိမ်ရှင်၏ ခွင့်ပြုချက်၊ အိမ်စောင့်နတ်၊ ခြံစောင့်နတ်တို့၏ ခွင့်ပြုချက် မရရှိသဖြင့် အိမ်၊ ခြံ အပြင်ဘက်တွင်သာ စောင့်နေကြရ၏။
ထို့ကြောင့် တရားနာ ရေစက်ချပြီးလျှင် အိမ်ဝ၊ ခြံဝသို့ ထွက်ပြီး ၎င်းတို့အား အမျှပေးဝေပါ။
"အိမ် ခြံ အပြင်ဘက်တွင် ရှိကြတဲ့ မကျွတ်မလွတ်ကြကုန်သော ဝေနေယျသတ္တဝါအပေါင်း၊ သာဓုခေါ်လိုသော ပုဂ္ဂိုလ်အပေါင်းတို့သည် ကျွန်ုပ်တို့ လှူဒါန်းသော ကောင်းမှုအစုစု၏ ကုသိုလ်အဖို့ကို ကျွန်ုပ်တို့နှင့် ထပ်တူထပ်မျှရကြပါစေ" "အမျှ အမျှ အမျှ ယူတော်မူကြပါကုန်" (သုံးကြိမ် ပေးဝေပါ)

★လုပ်ဆောင်ရန်(၁၇)။ ။ ရေစက်ချပြီးသော ရေများကို စွန့်ပစ်ခြင်း။

ရေစက်ချပြီးသော ရေများကို စုပေါင်းပါ။ အိမ်ဝင်း ခြံဝင်းအတွင်း
သင့်တော်မည့်နေရာတွင် မြေကြီးပေါ်သို့ သွန်ပါ။ သွန်နေရင်း နှုတ်မှလည်း အောက်ပါအတိုင်း ရွတ်ဆိုတိုင်တည်ပါ-

(၁) ဤမဟာပထဝီ မြေသားထုကြီးသည်လည်းကောင်း၊ မြေစောင့်နတ်သည်လည်းကောင်း ကျွနု်ပ်တို့ ဆောင်ရွက်ခဲ့သော ကုသိုလ်အမှုတွင် သက်သေအရာ၌ တည်ပါစေသော်။
(၂) သာသနာကို စောင့်ရှောက်တော်မူကြသော သာသနာစောင့်နတ်မင်းကြီးများနှင့်တကွ နတ်ကောင်းနတ်မြတ်အပေါင်းတို့လည်း ကြားသိနိုင်ကြပါစေ။
(၃) ကျွနု်ပ်တို့၏ ဘဝအဆက်ဆက်က တော်စပ်ခဲ့သော ကျေးဇူးရှင် ပဌာန်းဆက် ပုဂ္ဂိုလ်အပေါင်းတို့လည်း ကြားသိနိုင်ကြပါစေ။
(၄) သံသရာဘဝအဆက်ဆက်က တော်စပ်ခဲ့ဖူးသော ကျေးဇူးရှင်အမိအဖများနှင့် ဆွေမျိုးများလည်း ကြားသိနိုင်ပါစေ။
(၅)ဤအရပ် ဤဒေသနှင့် ပတ်သက်သမျှသော ရုက္ခစိုး၊ ဘုမ္မစိုး၊ အိမ်စောင့်နတ်၊ ခြံစောင့်နတ်၊ လမ်းစောင့်နတ်၊ ရွာစောင့်နတ်၊ မြို့စောင့်နတ်၊ ရွာတော်ရှင်၊ မြို့တော်ရှင်၊ တောပိုင်၊ တောင်ပိုင်၊
ကွင်းပိုင်၊ နယ်ပိုင် အပေါင်းတို့လည်း ကြားသိကြပါစေ။
(၆) ဤအရပ်တွင် ရှိကြကုန်သော ဝေမာနိကပြိတ္တာများနှင့် အိမ်ခြံအပြင်ဘက်တွင် သာဓုခေါ်ရန် ရောက်နေကြကုန်သော မကျွတ်မလွတ် သတ္တဝါအပေါင်းလည်း ကြားသိကြပါစေ။
(၇) အခြားသိသင့်သိထိုက်သော ပုဂ္ဂိုလ်များ သတ္တဝါများလည်း ကြားသိကြပါစေ။
(၈) အရပ်ဆယ်မျက်နှာရှိ အနန္တစကြာဝဠာ အနန္တသတ္တဝါတို့လည်း ကြားသိပါစေ။
(၉) ငရဲသနင်း ယမမင်းကြီးလည်း ကြားသိပါစေ။
(၁၀) ကွဟ်လွန်သူ ဦး/ဒေါ်(-)လည်း ကြားသိပါစေ။
(၁၁) ကျွနု်ပ်တို့ လှူဒါန်းသော ကောင်းမှုအစုစု၏ အဖို့ဘာဂကို
အမျှ အမျှ အမျှ ယူတော်မူကြပါ။(သုံးကြိမ် ပေးဝေပါ)

★လုပ်ဆောင်ရန်(၁၈)။ ။ အလှူအိမ်မှ ပြန်ခွင့်ပြုပါရန်။

"အလှူပွဲ ပြီးဆုံးသွားပြီဖြစ်ပါသဖြင့် သာဓုခေါ်ရန် လာရောက်ကြကုန်သော ကွယ်လွန်သူ ဦး/ဒေါ်(-) နှင့်တကွ
အခြားသော ဝေနေယျသတ္တဝါအားလုံး
ကျွန်ုပ်တို့၏ အိမ်ခြံ အပြင်ဘက်သို့ ထွက်ခွာသွားကြပါလော့။
အသင်တို့ သွားလိုရာဌာနသို့ လွတ်လပ်စွာ သွားနိုင်ကြပါပြီ" ဟု မမေ့မလျော့ ပြောကြားပါ။
မေတ္တာရပ်ခံပါ။

credit to - ပြည်ကျော်လွင်(ပညာရေး)
 

မှတ်ချက်ပေးရန်

အကြံပေး မေးမြန်းလိုလျှင် ဒီထဲမှာမှတ်ချက်ပေးခဲ့ပါ။