ဘဒ္ဒန္တဂုဏပီယမထေရ်မြတ်၏ထေရုပ္ပတ္တိအကျဉ်း


 ကယားပြည်နယ်၊ လွိုင်ကော်မြို့၊ ပုဗ္ဗာရုံပရိယတ္တိစာသင်တိုက်၊
(အဂ္ဂမဟာပဏ္ဍိတ၊ နိုင်ငံတော် ဗဟိုသံဃာ့ဝန်ဆောင်)
ဘဒ္ဒန္တဂုဏပီယမထေရ်မြတ်၏ထေရုပ္ပတ္တိအကျဉ်း
*-*-*-*-*-*-*-*-*-*-*-*

မွေးရပ်ဇာတိ
ဆရာတော်လောင်းလျာသည် ရှမ်းပြည်နယ်တောင်ပိုင်း၊ မိုင်းပန်မြို့နယ်၊ ဟွေမတ်ဖိန်း ရွာနေ ခမည်းတော်လုံးစိန္တာ+မယ်တော်ဒေါ်ပါနန်းဖန်တို့မှ ကောဇာသက္ကရာဇ်၁၂၉၅-ခုနှစ်၊ တန်ဆောင်မုန်းလဆန်း(၆)ရက်၊ တနင်္လာနေ့၊ ည(၈:၀၀)နာရီအချိန်တွင် ဖွားမြင်ပြီး ငယ်နာ မည်မှာ စိုင်းဘုန်းမြင့်ဟုမှည့်ခေါ်ပါသည်။ မွေးချင်း(၅)ယောက်အနက် တတိယမြောက် သားရတနာဖြစ်ပါသည်။

ရှင်/ရဟန်းအဖြစ်သို့ရောက်တော်မူခြင်း
စိုင်းဘုန်းမြင့်သည် ၁၃၀၇-ခုနှစ်၊ ဝါဆိုလပြည့်ကျော်(၁၅)ရက်၊ နံနက်(၉:၀၀)နာရီ အချိန်တွင် ကုန်းပြင်းကျောင်း မိုင်းပန်မြို့နယ်လုံးဆိုင်ရာ ဂိုဏ်းချုပ်ဆရာတော်ဦးဂုဏဝံသကို ဉပဇ္ဈာယ်ပြုလျက် လုံးကျောင်းနွံ+ပါကျောင်းခမ်းတို့၏ စတုပစ္စယကိုခံယူကာ ရှင်သာမဏေ အဖြစ်သို့ ရောက်ရှိတော်မူပြီး ဘွဲ့တော်မှာ ရှင်ဂုဏပီယ-ဟုမှည့်ခေါ်ပါသည်။

၁၃၁၆-ခုနှစ်၊ ကဆုန်လဆန်း(၇)ရက်၊ ကြာသပတေးနေ့၊ မွန်းလွဲ(၂:၂၅)မိနစ်အချိန်တွင် ရှမ်းပြည်နယ်၊ ညောင်ရွှေမြို့နယ်၊ အင်းလေးဒေသ နမ့်ပန်ရွာ၊ ဘုရားပေါက်တောင်ကျောင်း ဂိုဏ်းထောက်ဆရာတော်ဦးသုစာရီကို ဉပဇ္ဈာယ်ပြုလျက် အင်းခြံရွာ၊ သဒ္ဓမ္မာလင်္ကာရ ကျောင်းဆရာတော်ဦးဓမ္မပါလာဘိဝံသ(အဂ္ဂမဟာပဏ္ဍိတ) အမှူးပြုသော အင်းခြံရွာ ဒါယ ကာ ဒါယိကာမများ၏ ပစ္စည်းလေးပါးကို ခံယူကာ မြင့်မြတ်သော ရဟန်းအဖြစ်သို့ ရောက်ရှိ တော်မူပါသည်။

ပညာရေးသင်ယူဆည်းပူးခြင်း
ဆရာတော်လောင်းလျာသည် မိုင်းပန်မြို့ ကုန်းပြင်းကျောင်းဆရာတော်ဦးဂုဏဝံသထံ၌ သင်ပုန်းကြီး၊ ရှင်ကျင့်ဝတ်၊ပရိတ်ကြီး၊ဘုရားရှိခိုးအမျိုးမျိုးနှင့် ရှင်သာမဏေပြုသောခါ ဝိနယ၊ သဒ္ဒါ၊ သင်္ဂဟ၊ အဘိဓာန်၊ လောကနီတိ၊ ဓာတုမဉ္ဇူသာဓာတ်ကျမ်းစာပေများကို သင်ယူဆည်းပူးခဲ့ပါသည်။

ထိုမှတဖန် တောင်ကြီးမြို့၊ မင်္ဂလာရာမကျောင်း ဂိုဏ်းထောက် ဆရာတော်ဦးဝိသုဒ္ဓ၊ ညောင်ရွှေမြို့၊ ရွှေဂူကျောင်းဂိုဏ်းချုပ် ဆရာတော်ဦးအာစာရတို့နှင့် စာချဆရာတော် ဦးဓမ္မပါလ (နောင်တွင်ဦးဓမ္မပါလ အင်းခြံရွာ သဒ္ဓမ္မာလင်္ကာရကျောင်းပြောင်းရွေ့ကျောင်း ထိုင်သောခါ) ၎င်းဆရာတော်ထံ၌လိုက်သွား၍ ပရိယတ္တိ စာပေများကို သင်ယူဆည်းပူးပါ သည်။

ရဟန်းဖြစ်လာသောခါ အင်းခြံရွာ သဒ္ဓမ္မာလင်္ကာရကျောင်းဆရာတော်ထံ၌ ဆက်လက် ပညာသင်ယူဆည်းပူးပြီး အစိုးရစာမေးပွဲတွင် ပထမလတ်တန်းကို အောင်မြင်တော်မူခဲ့ပါ သည်။ ဆရာတော်ဦးဓမ္မပါလ၏ပို့ဆောင်ချက်အရ ဧရာဝတီတိုင်း၊ ညောင်တုန်းမြို့၊ ရွှေ ဟင်္သာတောရပါဠိတက္ကသိုလ်ကျောင်းတိုက် ဆရာတော် ဦးဝိမလ (အဘိဓဇမဟာရဋ္ဌဂုရု)၊ တိုက်ကြပ်ဆရာတော်ဦးဉာဏဝံသ၊ စာချဘုန်းကြီးဦးကုသလာဘိဝံသ၊ ဦးဣန္ဒဝံသ၊ဦးဣန္ဒာ ဝုဓ၊ ဦးစန္ဒမုခ၊ မွန်ပြည်နယ်၊ မော်လမြိုင်မြို့၊ တောင်ပေါက်ကျောင်းဆရာတော်ဦးသောဘိတ (အင်းလေးဂိုဏ်းချုပ်)၊ စာချ ဘုန်းကြီးဦးဣန္ဒောဘာသ-စသောဆရာတော်များထံတွင် ပထမ ကြီးတန်းနှင့်သဒ္ဓမ္မပါလ စာမေးပွဲဆိုင်ရာကျမ်းစာများကို သင်ယူဆည်းပူးပြီး သဒ္ဓမ္မပါလ စာမေးပွဲကို အောင်မြင်တော်မူခဲ့ပါသည်။

ထို့နောက် ရန်ကုန်မြို့၊ အလုံအောင်မင်္ဂလာတိုက်သစ် ပါဠိတက္ကသိုလ်ကျောင်းတိုက် ဆရာတော်ဦးရာဇိန္ဒ၊ တိုက်အုပ်ဆရာတော်ဦးတေဇိန္ဒာဘိဝံသနှင့်စာချဘုန်းကြီး ဦးကော သလ္လ၊ ဦးသီရိန္ဒ၊ ဦးတိလောက၊ ဦးဉတ္တမ(ရေနီ)တို့ထံတွင် ပထမကြီးတန်းနှင့်ဓမ္မာစရိယ (စာချတန်း)စာပေများကို သင်ယူပြီး ပထမကြီးတန်းကို အောင်မြင်တော်မူပါသည်။

၁၃၂၄-ခုနှစ်တွင် ရန်ကုန်မြို့၊ အလယ်တောရပါဠိတက္ကသိုလ်ကျောင်းတိုက်ဆရာတော် ဦးသူရိယာဘိဝံသ၊ စာချဘုန်းကြီးဦးပညာသာရ၊ ဦးသုမနာဘိဝံသတို့ထံတွင် စာချတန်း ဆိုင်ရာစာပေများကို သင်ယူပြီး တစ်နှစ်တည်းဖြင့် ဓမ္မာစရိယတန်း စာမေးပွဲကို အောင်မြင်ပြီး မြောက်ခရီးရောက်တော်မူခဲ့ပါသည်။ ၎င်းဆရာတော်များထံတွင် ဆက်လက်ပြီး ပိဋကတ် ပါဠိတော်၊ အဋ္ဌကထာ၊ ဋီကာ၊ အနုမဓု၊ ယောဇနာ-စသော စာပေကျမ်းဂန်များကို သင်ကြား ဆည်းပူးတော်မူခဲ့ပါသည်။

အောင်မြင်ခဲ့သော စာမေးပွဲများ
ဆရာတော်ဘုရားကြီးသည် ရှမ်းပြည်နယ်၊ မိုင်းပန်မြို့နယ်လုံးဆိုင်ရာစာမေးပွဲ၊ လင်းခေး မြို့နယ် လုံးဆိုင်ရာစာမေးပွဲ၊ ညောင်ရွှေမြို့နယ်စာမေးပွဲ၊ မွန်ပြည်နယ် မော်လမြိုင်မြို့-သဒ္ဓမ္မ ပါလစာမေးပွဲ၊  ရန်ကုန်မြို့  ဘုရားဖြူဝိနည်းစာမေးပွဲ၊  အဘိဓမ္မာစာမေးပွဲ၊    ဆေးစာမေးပွဲ (၂-ဘာသာဂုဏ်ထူး)နှင့် အစိုးရပါဠိ ပထမပြန်စာမေးပွဲတွင် ပထမငယ်တန်း၊ ပထမလတ် တန်း၊ ပထမကြီးတန်းနှင့်ဓမ္မာစရိယစာမေးပွဲ- စသောစာမေးပွဲများကို ထူးချွန်စွာဖြင့် အောင် မြင်တော်မူခဲ့ပါသည်။ (ထိုချိန်တွင် ဆရာတော်ကြီးသည် သက်တော်(၂၉)၊ ဝါတော်(၉)ဝါ ရရှိ သည်)။

ဆရာတော်ဘုရားကြီး၏သာသနာပြုလုပ်ငန်း
ဆရာတော်ဘုရာကြီးသည် ၁၃၂၄-ခုနှစ်တွင် ဓမ္မာစရိယဘွဲ့ကိုရရှိတော်မူပြီးနောက် တောင်ကြီးမြို့၊ မင်းကွန်းဇေတဝန်ကျောင်းတိုက် ဆရာတော်ဦးဓမ္မပါလ(အဂ္ဂမဟာပဏ္ဍိတ) ထံသို့ ပြန်လည်သီတင်းသုံး တော်မူပြီး စာချဘုန်းကြီးအဖြစ် တာဝန်ယူကာ စာပေများပို့ချခဲ့ပါ သည်။

၁၃၃၂-ခုနှစ်တွင် ကယားပြည်နယ်၊ လွိုင်ကော်မြို့၊ သီရိမင်္ဂလာတောင်ကွဲစေတီတော်၊ လေးထပ်ကျောင်း ဆရာတော်ဦးနရိန္ဒ၊ ဦးဣန္ဒက(နိုင်ငံကျော်ဓမ္မကထိက)နှင့် မင်္ဂလာရပ် ကွက် ဒကာ/ဒကာမများက စာချဘုန်းကြီးဦးဂုဏပီယ(အစိုးရဓမ္မာစရိယ)အား (လွိုင်ကော် မြို့၊ မိမိကျောင်း၌ပရိယတ္တိသာသနာပြုရန်) သွားရောက်ပင့်ဆောင်ခဲ့ပါသည်။ မိမိဆရာ သမားဖြစ်သောဆရာတော်ဦးဓမ္မပါလကိုယ်တိုင် လိုက်လံပို့ ဆောင်ခဲ့ပြီး၊ ၎င်း- ၁၃၃၂-ခုနှစ်၊ တပို့တွဲလဆန်း(၆)ရက်၊ တနင်္လာနေ့ နံနက်မင်္ဂလာရှိချိန်တွင် လေးထပ်ကျောင်း၌“အုဌ် ,ဆင့်, စန်း,ကြုံ ,ပုဗ္ဗာရုံ,ဖွင့်တုံစာသင်တိုက်”ဟု ပုဗ္ဗာရုံပရိယတ္တိစာသင်တိုက်ကို ကယားမြေပေါ်တွင် ပထမဦးဆုံးစာသင်တိုက်အဖြစ် ဖွင့်လှစ်ခဲ့ပါသည်။

ဆရာတော်ဘုရားကြီးသည်  ၁၃၃၃-ခုနှစ်  ရောက်သောခါ စာသင်သားသံဃာတော် (၂၇)ပါးတို့အား စတင်စာပေများသင်ကြားပို့ချသည်၊ ၎င်းခုနှစ်မှစ၍ ပရိယတ္တိစာပေကိုပို့ချ ခဲ့ရာမှ စာသင်သားသံဃာများ တနှစ်ထက်တနှစ်တိုးပွားလာပြီး ၁၃၆၂-ခုနှစ်တွင် စာသင် သားသံဃာများ (၃၃၁)ပါး သီတင်းသုံးလျက်  ရှိခဲ့ပါသည်။ ပုဗ္ဗာရုံပရိယတ္တိစာသင်တိုက် ဦးစီး ပဓာန နာယကဆရာတော်ဘဒ္ဒန္တဂုဏပီယ (အဂ္ဂမဟာပဏ္ဍိတ)ထံတွင်  ပရိယတ္တိစာပေများ ကိုသင်ယူဆည်းပူးပြီး ကျောင်းတိုက်သာသနဝံသကာရီ စာမေးပွဲ၊ ကယားပြည်နယ်လုံး ဆိုင်ရာစာမေးပွဲ၊ အဘိဓမ္မာစာမေးပွဲ၊ အစိုးရပါဠိပထမပြန်နှင့် ဓမ္မာစရိယ စာမေးပွဲ၊ နိကာယ်စာမေးပွဲ-စသောစာမေးပွဲများကို (၃၈၀၄)ပါးကျော် အောင်မြင်တော်မူခဲ့ကြပါသည်။ မိမိကျောင်းတိုက်မှ ပညာသင်ယူပြီး နေရာဒေသအသီးသီးတွင် စာသင်တိုက်များတည် ထောင်ကာ သာသနာပြုလုပ်ငန်းများလုပ်ဆောင်နေကြသော ကျောင်းတိုက်ခွဲပေါင်း (၄၈) ကျောင်းအထိ တိုးပွားလာပါသည်။

ဆရာတော်ဘုရားကြီးသည် မိမိကျောင်းတိုက်၌ ပညာသင်ယူနေကြသောစာသင်သား သံဃာကို (၆/၇)ကြိမ် စာဝါပို့ချသည်။ ဤတွင်မကပဲ စာပေကျမ်းဂန်များ သင်ကြားပို့ချရာ တွင် အလွန်ဝါသနာပါ သူဖြစ်သည့်အလျောက် ရောက်ရှိသည့်နေရာတိုင်း စာသင်တိုက်တည် ထောင်ပြီး စာမေးပွဲ/စာပြန်ပွဲများကို ဦးစီးဦးဆောင်ကာ ပြုလုပ်လေ့ရှိသည်။ အထူးအားဖြင့် ကယားပြည်နယ်လုံးဆိုင်ရာစာမေးပွဲ မဖြစ်ဖြစ်အောင် (၆)နှစ်သက်တမ်းဖြင့် မိမိတည်ထောင် ပြုလုပ် အကောင်အထည်ဖော် အောင်မြင်နေပြီးသောကျောင်းတိုက်စာမေးပွဲကိုပင် ပယ် ဖျက်၍ ကယားပြည်နယ်လုံးဆိုင်ရာပရိယတ္တိသာသနာနုဂ္ဂဟစာမေးပွဲ ဖြစ်အောင် အနစ်နာခံ ခွင့်ပြုလိုက်ခဲ့ပါသည်။ ၎င်းစာမေးပွဲများတွင် ရည်ရှည်တည်တံ့ခိုင်မြဲရေးနှင့် သာသနာပြန့်ပွား စေရန်အတွက် ငြိုငြင်မှုမရှိဘဲ ဆရာတော်သည် အောက်ပါအတိုင်းကျရာတာဝန်ကို ကျေပွန် စွာဖြင့် အသီးသီး ဆောင်ရွက်တော်မူခဲ့ပါသည်။
  1. ကယားပြည်နယ်လုံးဆိုင်ရာ ပရိယတ္တိသာသနာနုဂ္ဂဟစာပွဲတော်ကြီးတွင် အကျိုးတော်ဆောင်အဖြစ်နှင့် ဒုတိယဉက္ကဋ္ဌအဖြစ် ဆောင်ရွက်ခြင်း။
  2. ရှမ်းပြည်နယ်လုံးဆိုင်ရာ ပရိယတ္တိသဒ္ဓမ္မပါလစာပွဲတော်ကြီးတွင် စာချတန်းပုစ္ဆက၊ ဒုတိယဉက္ကဋ္ဌ၊ ၁၃၆၀-ခုနှစ်မှ ၁၃၆၂-ခုနှစ် အထိ ရှမ်းပြည်နယ်လုံးဆိုင်ရာ သံဃာ့အဖွဲ့ချုပ်ဥက္ကဋ္ဌ အဖြစ်ဆောင်ရွက်ခြင်း။
  3. ၁၃၆၃-ခုနှစ်တွင် ကျင်းပအပ်သောရှမ်းပြည်နယ်လုံးဆိုင်ရာသံဃာ့အဖွဲ့ချုပ် ပိဋကတ်သုံးပုံ၌ သီးသန့် ရှမ်းပါဠိအက္ခရာ(မူသစ်)ထားရှိရန် အသိအမှတ်ပြုရေးအဆိုကို အတည်ပြု ဆုံးဖြတ်ပေးတော်မူခြင်း။
  4. ကယားပြည်နယ်၊ လွိုင်ကော်စာဖြေဋ္ဌာန၌ အစိုးရပါဠိပထမပြန်စာမေးပွဲ နှင့်ဓမ္ဓာစရိယစာမေးပွဲတွင် ဒုတိယဉက္ကဋ္ဌ၊ ၎င်းစာဖြေဋ္ဌာနရရှိရေးအတွက် ဦးစီးဦးဆောင်ပြီးဆောင်ရွက်ခြင်း။
  5. မိုင်းပန်မြို့နယ်လုံးဆိုင်ရာ ပရိယတ္တိသဒ္ဓမ္မပါလစာပွဲတော်တွင် ဉက္ကဋ္ဌအဖြစ်ဆောင်ရွက်ခြင်း။
  6. ပြည်ထောင်စုမြန်မာနိုင်ငံ“နိုင်ငံတော်ဗဟိုသံဃာ့ဝန်ဆောင်၊ နိုင်ငံတော်သံဃဝိနိစ္ဆယ(နိုင်ငံတော် ဝိနည်းဓိုရ်)ဆရာတော်အဖြစ်ဆောင်ရွက်ခြင်း။
  7. ကယားပြည်နယ်၊ လွိုင်ကော်မြို့ အထင်ကရနေရာများဖြစ်သော မြို့နာမ်စေတီ၊ သီရိမင်္ဂလာတောင်ကွဲ စေတီတော်များနှင့် မြို့လယ်ဓမ္မာရုံများ၌ သြဝါဒါစရိယ ဆရာတော်အဖြစ်ဆောင်ရွက်ခြင်း။
  8. ထို့ပြင် ဆရာတော်သည် ရှမ်းပြည်နယ်၊ ကယားပြည်နယ်တွင်းရှိဒေသမျာသို့ ဆင်းရဲ ချမ်းသာမရွေးဘဲ ကြွရောက်တရားဟောပေးတော်မူခြင်း။
  9. ကယားပြည်နယ်၊ ရှမ်းပြည်နယ်၊ ရန်ကုန်မြို့ရှိသိမ်တော် (၂၄)လုံးတိတိ ဦးစီးဦးဆောင်၍ သိမ်နုတ်/သိမ်သမုတ် တော်မူခြင်း စသည်တို့ဖြစ်ပါသည်။
ကြည်ညိုဖွယ်ရာ ထူးခြားသည့်ဂုဏ်ရည်များ
ဆရာတော်ဘုရားကြီးသည် ပရိယတ္တိစာပေများကို နေ့စဉ်(၆/၇)ဝါ စာဝါပို့ချခြင်း၊ ရှမ်း+မြန်မာနှစ် ဘာသာဖြင့်အထူးကျွမ်းကျင်၍ ဒါန သီလ ဘာဝနာနှင့် သာသနာတိုးတက်ရာ တိုးတက်ကြောင်းတရားများကို အခွင့်သင့်သည့်အခါတိုင်း ဆင်းရဲ ချမ်းသာ နေရာဒေသ မရွေးဘဲ ဒါယကာ ဒါယိကာမများအား ချီးမြှင့်ပေးတော်မူခြင်း၊ မိမိတပည့်စာသင်သားများအား စာမေးပွဲအောင်မြင်နိုင်ရေးနှင့်ပညာထူးချွန်သည့်ပုဂ္ဂိုလ်ဖြစ်ရေး၊ ကိုယ်ကျင့်စာရိတ္တကောင်း မွန်စေရေးကို ညနေဘုရားဝတ်တက်ပြီးတိုင်း ဆုံးမသြဝါဒပေးခြင်း၊ ထို့ပြင် ဆရာတော်ဘုရား ကြီးသည် “ပစ္စည်းမသို၊ ဝန်မတို၊ ခင်ပျိုကြီးပွားကြောင်း”ဟူသော ဆောင်ပုဒ်ကို အမြဲလက် ကိုင်ထားပြီး အနယ်နယ်အရပ်ရပ်မှ လှူဒါန်းလာသော လှူဖွယ်ပစ္စည်းများကို စာသင်သား များအား တစ်နှစ်လျှင် နှစ်ကြိမ်စွန့်ကြဲခြင်း၊ မနက်တိုင်း(၄:၀၀)နာရီတွင် ထ၍ မိမိတပည့် စာသင်သားကို လုံးလဝီရိယရှိအောင် ကျောင်းစဉ်လှည့်လည်နိုးကြားခြင်း၊ စာသင်သားနေ ထိုင်ရေးနှင့်ကျန်းမာရေးအတွက် ကြည့်ရှု့စောင့်ရှောက်ပေးခြင်း၊ စာအံကျောင်း၌ နေ့စဉ် ကြည့်ကြပ်ပေးခြင်း၊ အားလပ်သည့်ချိန်တွင် ကျောင်းတွင်းသာယာလှပစည်ပင်စေရေး အတွက် အုန်းပင်စသော သစ်ပင်များကို ကိုယ်တိုင်ကြည့်ကြပ် စိုက်ပျိုးခြင်း၊ စာမေးပွဲဖြေပြီး ကျောင်းပိတ်ရက် တန်ခူး/ကဆုန်လအချိန်တွင် မိမိတပည့်သားများကို ဝိပဿနာတရားများ ကို ရှုမှတ်ပွားများစေခြင်း၊ ရပ်ဝေးရပ်နီးဒကာများ၏သားလှရတနာများကို သာသနာ ဘောင်သို့ရှင်ပြု/ရဟန်းခံပေးခြင်း၊ လူမျိုးဘာသမရွေး ဆက်ဆံတတ်ခြင်း၊ မိမိတပည့်သား များအပေါ်တွင် “လူကိုမကြည့်နဲ့၊ မူ(စည်းကမ်း)ကိုသာကြည့်ပါ”ဆိုသည့် သြဝါဒနှင့်အညီ စိတ်ဓာတ်ပြည့်ဝစွာဖြင့် တည်ရှိခြင်းတို့သည် ဆရာတော်ဘုရားကြီး၏ ကြည်ညိုအံ့ဖွယ် မွန်မြတ်သည့်ဂုဏ်ရည်၊ ထူးခြားသည့်ဂုဏ်ထူးဝိသေသလက္ခဏာများပင် ဖြစ်ပါသည်။

အဂ္ဂမဟာပဏ္ဍိတဘွဲ့တံဆိပ်ကို အလှူခံရရှိတော်မူခြင်း
ဆရာတော်ဘုရားကြီးသည် သာသနာအကျိုး၊ လောကကောင်းကျိုးများကို စွမ်းစွမ်းတမံ ကြိုးစား ရွက်ဆောင်တော်မူခဲ့သောကြောင့် ၁၃၅၃-ခုနှစ်၊ ခရစ်(၁၉၉၁)ခုနှစ်၊ ဇန်နဝါရီ(၄) ရက် လွတ်လပ်ရေးနေ့၌ ပြည်ထောင်စုမြန်မာနိုင်ငံတော်အစိုးရ၊ နိုင်ငံတော်ငြိမ်ဝပ်ပိပြား မှုတည်ဆောက်ရေးအဖွဲ့မှ ကြေငြာချက် အမှတ် ၁/၉၁-အရ (အဂ္ဂမဟာပဏ္ဍိတ)ဘွဲ့တံဆိပ် ဆက်ကပ်လှူဒါန်းခြင်းကို အလှူခံရရှိတော်မူပါသည်။

ပရိယတ္တိသာသနဟိတဓရဂုဏဝိသိဋ္ဌဘွဲ့တော်ကို ဆက်ကပ်ခံရတော်မူခြင်း
ဆရာတော်ဘဒ္ဒန္တဂုဏပီယ(အဂ္ဂမဟာပဏ္ဍိတ)သည် ကယားပြည်နယ်၊ ရှမ်းပြည်နယ် အတွင်း၌ပရိယတ္တိသာသနာချီးမြှောက်ရာတွင် ထူးချွန်စွာအောင်မြင်တော်မူခြင်း၊ ထင်ပေါ် ကျော်ကြားခြင်း၊ စွမ်းဆောင်နိုင်ခဲ့သဖြင့် ၁၃၆၀-ခုနှစ်၊ တပို့တွဲလဆန်း(၁၄)ရက်၊(၁၉၉၉-ခုနှစ်၊ ဇန်နဝါရီလ-၃၀)ရက်၊ စနေနေ့၌ မန္တလေးမြို့ သာသနဟိတဓရအသင်းကြီးမှ မိမိ အသင်းကြီး၏ နှစ်(၁၀၀)ပြည့် အထိမ်းအမှတ်အဖြစ် ဆရာတော်အရှင်မြတ်အား “ပရိယတ္တိ သာသနဟိတဓရ ဂုဏဝိသိဋ္ဌ”ဘွဲ့တော်လက်မှတ်ကို ဆက်ကပ်လှူဒါန်း တော်မူခဲ့ပါသည်။

ဘဝနတ်ထံပျံလွန်တော်မူခြင်း
ဆရာတော်ဘဒ္ဒန္တဂုဏပီယ   (အဂ္ဂမဟာပဏ္ဍိတ၊ နိုင်ငံတော်ဗဟိုသံဃဝန်ဆောင်၊ နိုင်ငံတော်ဝိနည်းဓိုရ်၊ ပရိယတ္တိသာသနဟိတဓရ ဂုဏဝိသိဋ္ဌ)သည်  လောကအကျိုး သာသ နာအကျိုးများကို စွမ်းစွမ်းတမံ ဆောင်ရွက်နိုင်ခဲ့သည့် ဆရာတော်တစ်ပါးဖြစ်သည့်အ လျောက် သိမ်ထပ်သည့် စတုပစ္စယဒါယကာ ဒါယိကာမများမှာ (၁၅)ဦးရှိပါသည်။ ဤသည် နှင့် မျှော်လင့်မထားဘဲ သာသနာတိုးတက်ရာတိုးတက်ကြောင်း များသယ်ပိုးဆောင်ရွက် ရင်းဖြင့် ၁၃၆၃-ခုနှစ်၊ နယုန်လဆန်း(၅)ရက်၊ (ခရစ်-၂၀၀၁-ခုနှစ်၊ မေလ-၂၆)ရက်၊ စနေနေ့၊ နံနက်(၄:၃၀)ချိန်တွင် သက်တော်(၆၈)နှစ်၊ ဝါတော်(၄၇)ဝါရှိပြီး မိမိသီတင်းသုံးရာ နေရာ ကယားပြည်နယ်၊ လွိုင်ကော်မြို့၊ ပုဗ္ဗာရုံပရိယတ္တိစာသင်တိုက်၌ ဘဝနတ်ထံပျံလွန်တော်မူခဲ့ ပါသည်။

ဆရာတော်၏ထူးခြားသောသြဝါဒများ
၁။ လူကိုမကြည့်နဲ့ မူကိုသာကြည့်ပါ               
၂။ မည်သူ့ကိုမျှ မျက်နှာလိုက်စရာမလိုပါ
၃။ မိမိအလုပ်ကိုသာ မှန်မှန်လုပ်ကြပါ             
၄။လုပ်စရာရှိလျှင် ပြီးပြတ်အောင်လုပ်ရမည်
၅။ မိမိလုပ်သော လုပ်ငန်းကိုသာ စိတ်ဝင်စားပါ
၆။ ပျင်းလျှင် ဖျင်းလိမ့်မည်
ရ။ တင်းလွန်းက ပြတ်တတ်သည်၊ လျှော့လွန်းက ပတ်တတ်သည်-စသည့်သြဝါဒများကို အခွင့်အခါကြုံတိုင်း ဆရာတော်ဘုရားကြီးက အမြဲဆုံးမလေ့ရှိပါသည်။

မှတ်ချက်ပေးရန်

အကြံပေး မေးမြန်းလိုလျှင် ဒီထဲမှာမှတ်ချက်ပေးခဲ့ပါ။