ပုဗ္ဗာရုံပရိယတ္တိစာသင်တိုက် (လေးထပ်ကျောင်း) သမိုင်းအကျဉ်း


ပုဗ္ဗာရုံပရိယတ္တိစာသင်တိုက်သည် ကယားပြည်နယ်၏ မြို့တော်ဖြစ်သော လွိုင်ကော် မြို့၊ မင်္ဂလာရပ်ကွက်တွင် တည်ရှိပါသည်၊ သီရိမင်္ဂလာတောင်ကွဲစေတီတော်၏ အရှေ့ဘက် တွင် တည်ရှိသဖြင့် “ပုဗ္ဗာရုံ”ဟု အမည်သွင်ခဲ့ပါသည်၊ ကျောင်းတိုက်၏ တောင်ဘက်တွင် ရထားလမ်း၊ အရှေ့ဘက်တွင် ကျောင်းထိုင်ဘုန်းကြီးသင်တန်းကျောင်း၊ မြောက်ဘက်တွင် ကားလမ်းနှင့်မြို့၊ အနောက်ဘက်တွင် တောင်ကွဲစေတီဟူ၍ အသီးသီးတည်ရှိကြပါသည်၊ ကျောင်းတိုက်၏ မြေနေရာ အကျယ်အ၀န်းသည် (၄.၅၄၀)ဧက ရှိပါသည်။

ကျောင်းတိုက်၏ စာသင်တိုက်မဖွင့်မီကာလက တောင်တန်းသာသနာပြု ဆရာတော် ဘဒ္ဒန္တနရိန္ဒသည် ဦးမြ မိသားစု ဆောက်လုပ်လှူဒါန်းထားသော သီရိမင်္ဂလာတောင်ကွဲစေတီ တော်ပေါ်ရှိ လေးထပ်ကျောင်းဆောင်တွင် သီတင်းသုံးတော်မူ ခဲ့ပါသည်၊ ဆရာတော်သည် တောင် တန်းသာသနာပြုဆရာတော်တစ်ပါးဖြစ်၏၊ သာသနာပြုတာဝန် ပြီးဆုံး၍ မိမိနေရပ် ဖြစ်သည့် ပြည်မသို့ ပြန်လည်ကြွလိုသော စိတ်ဆန္ဒဖြစ်ပေါ်၏၊ သို့သော် ကုန်းသာတောင်မော့ ကျောင်း ဆရာတော်က မိမိနေရပ်သို့ ပြန်ကြွစရာမလို၊ ဤကယားပြည်နယ်ဒေသမှာ သာသနာတိုး တက်ရာတိုးတက်ကြောင်းများကို ဆက်လက်ထမ်းဆောင်ရန်အတွက် အကြည် ညိုခံကျောင်း သို့မဟုတ် သီရိမင်္ဂလာတောင်တော်ပေါ်တွင် ဆက်လက်သီတင်း သုံးတော်မူပြီး သာသနာ ပြုလုပ်ငန်းများကို ဆက်လက်ဆောင်ရွက်သွားရန်ဟူသော မိန့်ကြားချက်ကို လက်ခံတော်မူ သဖြင့် ထိုတောင်တော်ပေါ်တွင် သီတင်း သုံးနေတော်မူခဲ့ပါသည်။

ဆရာတော်ဘဒ္ဒန္တနရိန္ဒသည် အသက်ကြီးရင့်အိုမင်းလာသဖြင့် တောင်တက် တောင်ဆင်း ဖို့ မလွယ်ကာ တောင်ပေါ်တွင် ဆက်လက်သီတင်းသုံးတော် မမူတော့ဘဲ ယခု ပုဗ္ဗာရုံစာသင် တိုက်တွင်တည်ရှိသော သိမ်ဆောင်တွင် ပြောင်းရွေ့ သီတင်းသုံးလေ၏။ သို့ဖြစ်၍ “ပုဗ္ဗာရုံစာသင်တိုက်အစ၊ သီရိမင်္ဂလာ တောင်ပေါ်က” ဟုခေါ်သွင်လျှင် မှားမည်မဟုတ်ပေ၊ ဤသိမ်တော်သည် ကောဇာသက္ကရာဇ် ၁၃၂၅-ခုနှစ်၊ ကဆုန်လဆန်း(၁၀)ရက်၊ ကြာသပတေး နေ့၊ နံနက်(၉:၃၀)အချိန်တွင် သိမ်သမုတ်ခြင်းကိစ္စပြီးဆုံး၍ သိမ်အောင်မင်္ဂလာ အထိမ်း အမှတ်ပွဲအဖြစ် နံနက်(၁၀:၀၀) အချိန်တွင် ဒုလ္လဘရဟန်း(၉)ပါးဖြင့် ရဟန်းခံခဲ့ပါသည်။

သိမ်တော်၏နာမည်သည် မဟာဝိဇယရံသီသိမ်ဟု ခေါ်သွင်ပြီး သိမ်သမုတ်ဖို့ ဦးစီးဦး ဆောင်သောပုဂ္ဂိုလ်သည် နိုင်ငံကျော်ဓမ္မကထိက (ကျိုက်ဝိုင်း) ဆရာတော်ဦးဣန္ဒကနှင့် တောင်တန်းသာသနာပြုဆရာတော်ဦးနရိန္ဒ နှစ်ပါးပင် ဖြစ်ပါ၏။ သိမ်တော်၏ အလှူဒါယ ကာ ဒါယိကာများမှာ ဦးသန်း(ဗိုလ်ကြီး)၊ ဦးကြည်(လက်သမားဦးကြည်)၊ ဦးဖိုးမှီ၊ ဦးကံညွန့် နှင့် ကျောင်းဒကာ ဦးချစ်ဖေ+ဒေါ်အေးဆွယ် နှင့် အသောကာရာမရိပ်သာမှယောဂီများ စုပေါင်းပြီး လှူဒါန်းခဲ့ကြပါသည်။

ဆရာတော်ဦးနရိန္ဒနှင့်ဆရာတော်ဦးဣန္ဒက နှစ်ပါးတို့သည် ကယားပြည် နယ်ဒေသစုံ၌ တည်ရှိနေကြသော ဗုဒ္ဓဘာသာဝင်များအတွက် တရားဟောခြင်း နှင့် ဗုဒ္ဓဘာသာမဖြစ်သေး သော အခြားနတ်ကိုးကွယ်သူများကိုလည်း မိမိဘာသာသို့ ပါဝင်လာစေရန် စည်းရုံးခြင်း စသော သာသနာပြုလုပ်ငန်းကိစ္စများကို နေ့စဉ်နှင့်အမျှ ကြိုးစားအားထုတ်ခဲ့ ကြပါသည်။ ထိုပင် အားမရသေးပဲ ဤကယားပြည်နယ်တွင် ယခုလို သာသနာအားကောင်းပြီး ဖြစ်သော် လည်း နောက်နောင်အနာဂတ်အတွက် ပိုမိုခိုင်မာစေရန် ပို၍ပင် အရေးကြီးသည်ကို သတိပြုမိ ဟန်တူပေသည်၊ ဆရာတော်တို့နှစ်ပါးသည် “ပရိယတ္တိသာသနာ၊ ပဋိပတ္တိသာသနာ၊ ပဋိဝေဓသာသနာ”ဟူ၍ မြတ်ဗုဒ္ဓကသာသနာ တော်ကြီးသုံးရပ် သို့မဟုတ် သံဃာတွေ အတွက်လမ်းစဉ်သုံးရပ်ဖြင့် ချမှတ်ထားကြောင်း၊ ဤတွင် ပရိယတ္တိ သာသနာက ပို၍ပင် အနာဂတ်သာသနာ အတွက် အရေးကြီးကြောင်း၊ ဤကယားပြည်နယ်တွင် ပရိယတ္တိ သာသနာဖြစ်တဲ့စာသင်တိုက် မရှိသေးသဖြင့် ကြိုးစား၍ ဖွင့်လှစ်သွားပါရန်နှင့် စာသင်တိုက် တွင် မရှိမဖြစ်လိုအပ်သည့် ဦးဆောင်သူကို ရှာဖွေပင့်လျှောက်သင့်ကြောင်း စသောသြဝါဒ ကထာများကို ကယားပြည်နယ်သူ ပြည်နယ်သားများအား ပြောဆို ဆုံးမခဲ့ကြပါသည်။

ဆရာတော်နှစ်ပါး၏ ဆန္ဒအတိုင်း မိုးနဲဇာတိဖွားဖြစ်သော ဦးဉတ္တမ၊ ဦးကောဝိဒ နှစ်ပါးတို့က စာသင်တိုက်ဖွင့်လှစ်နိုင်ရန်အတွက် ဦးစီးဦးဆောင်နိုင်သူကို တာဝန်ယူပြီး ပင့်လျှောက်ပေးမည်ဟူသော တာဝန်ယူမှုဖြင့် မိုင်းပန် ဇာတိဖွား အစိုးရဓမ္မာစရိယကျမ်းပြီး ပညာတတ် သာသနာတော်ကို ချစ်မြတ်နိုးသော တောင်ကြီးမြို့၊ မူလမင်းကွန်းဇေတဝန် ကျောင်းတိုက်တွင် စာချနေသော စာချဆရာတော်ဦးဂုဏပီယအား သွားရောက်လျှောက်တင် လေသည်။ ၎င်းတွင် ဆရာတော်ဦးနရိန္ဒနှင့် ဆရာတော်ဦးဣန္ဒက အရှင်မြတ်နှစ်ပါးက ဒကာ ဒကာမများကို ဦးဆောင်ပြီး စာသင်တိုက်ဖွင့်လှစ်ရန် ဦးဆောင်နိုင်စွမ်းရှိသည့် စာချဆရာ တော် ဦးဂုဏပီယ(အစိုးရဓမ္မာစရိယ)အား သွားရောက်ပင့်ဆောင်လေ၏။ စာချဆရာတော် ၏ ဆရာသမားရင်းဖြစ်သော တောင်ကြီးမြို့၊ မူလမင်းကွန်းဇေတဝန်ကျောင်းတိုက် ဆရာတော် ဘဒ္ဒန္တဓမ္မပါလာဘိဝံသ(အဂ္ဂမဟာပဏ္ဍိတ) ကိုယ်တိုင် လိုက်လံပို့ဆောင်ခဲ့ပြီး ၁၃၃၂-ခုနှစ်၊ တပို့တွဲ လဆန်း(၆)ရက်၊ တနင်္လာနေ့ မင်္ဂလာရှိချိန်တွင် “ဉသ် - ဆင့် - စန်း - ကြုံ၊ ပုဗ္ဗာရုံ၊ ဖွင့်တုံစာသင်တိုက်” ဟူသည်နှင့်အညီ ကယားမြေပေါ်တွင် ပထမဦးဆုံး စာသင်တိုက် ဖွင့်လှစ်နိုင်ခဲ့သည်၊ ၎င်းစာသင်တိုက်၏အမည်သည်လည်း (လေးထပ်ကျောင်း) ပုဗ္ဗာရုံပရိ ယတ္တိစာသင်တိုက်ဟု ခေါ်သွင်ခဲ့ပါသည်။

စာသင်တိုက်စတင် ဖွင့်လှစ်တည်ထောင်သော ၁၃၃၂-ခုနှစ်တွင် စာသင် သားသံဃာများ မရှိသေးသဖြင့် စာပေပို့ချမှု မပြုနိုင်သေးပေ၊ သို့သော် ဘာသာရေးပွဲလမ်းသဘင်များ ဖြစ်သည့် ရှင်ပြုပွဲ၊ အလှူပွဲများဖြင့် ထိုနှစ်တွင် အချိန်ကုန်လွန်စေခဲ့ပါသည်၊ ၁၃၃၃-ခုနှစ်၊ ဝါဆိုလဆန်း(၁)ရက်၊ ဗုဒ္ဓဟူးနေ့(၂၅.၄.၁၉၇၁)မှစ၍ စာသင်သားသံဃာ (၂၇) ပါးတို့အား နေ့ဝါ၊ ညဝါ စာဝါများကို စတင်သင်ကြားပို့ချပေးလေတော့သည်။

စာချဆရာတော် ဦးဂုဏပီယသည် စာပေပို့ချမှုများ ဝါသနာအလွန်ကြီးမားသော စာချဆရာတော်တစ်ပါးဖြစ်သဖြင့် ဆရာတော်ဦးနရိန္ဒက စာသင်တိုက်နှင့်ပတ်သက်ရာ ပတ် သက်ကြောင်းများကို စိတ်ပူပန်စရာမလိုပေ၊ စာချဆရာတော်ဦးဂုဏပီယ ကိုယ်တိုင်ပင် ကြပ်မတ်ခဲ့စေပါသည်၊ ကျောင်းထိုင်ဆရာတော် မဟုတ်သော်လည်း ကျောင်းထိုင်ဆရာတော် တစ်ပါးကဲ့သို့ အစစအရာရာ ကျောင်းတိုက်တာဝန်များကို မလှစ်ဟင်းရလေအောင် ကျေပွန်စွာ တာဝန်ယူခဲ့သည်၊ ဆရာတော်နှစ်ပါးကလည်း ၁၃၃၃-ခုနှစ်၊ တန်ဆောင်မုန်းလ္ဆန်း(၁၄)ရက်စနေနေ့တွင် စာချဆရာတော်ကို သာသနာတာဝန်များ လွတ်လွတ်လပ်လပ် ထမ်းဆောင်သွား နိုင်ရန်အတွက် သက်တော်ထင်ရှား ရှိစဉ်ကပင် ကျောင်းတိုက်တာဝန်များအားလုံးကို အပ် နှင်း အုပ်ချုပ်စေခဲ့ပါသည်၊ ဤတွင် မျှော်လင့်မထားပဲ ၁၃၃၃-ခုနှစ်၊ တပို့တွဲလဆန်း(၆)ရက်၊ စနေနေ့၊ နံနက်(၉:၁၅) မိနစ်အချိန်တွင် သက်တော် (၇၀)၊ ဝါတော်(၃၆)ဝါရှိ တောင်တန်း သာသနာပြု ဆရာတော်ဦးနရိန္ဒက ဘဝနတ်ထံပျံလွန် တော်မူခဲ့ပါသည်။

ဆရာတော်ဦးနရိန္ဒ ပျံလွန်တော်မူသည့်နောက်ပိုင်းတွင် စာချဆရာတော် ဦးဂုဏပီယ (အစိုးရ ဓမ္မာစရိယ)အား ပုဗ္ဗာရုံစာသင်တိုက်ဦးစီးတည်ထောင်သူ နာယကဆရာတော် ဖြစ် ကြောင်းကို အသိအမှတ်ပြုသည့်အနေဖြင့် ၁၃၃၄-ခုနှစ်၊ တန်ဆောင်မုန်းလဆန်း(၆)ရက်၊ ဗုဒ္ဓဟူးနေ့၊ နေ့လည် (၂:၃၀)မိနစ်အချိန်တွင် ကထိန်ပွဲတော်လာ ဒကာ ဒကာမများအားလုံး တို့အား စာချဆရာတော်အား ကျောင်းထိုင်ဆရာတော် တင်မြောက်ပါကြောင်း ဆရာတော် ဉီးဣန္ဒကကသြဝါဒပေးပြီး ကြေငြာခဲ့လေသည်၊ အားလုံးသော ပွဲလာဒကာများနှင့် ပင့်သံဃာ များတို့က ဝမ်းမြောက်ဝမ်းသာစွာဖြင့် သာဓုသုံးကြိမ်ခေါ်ဆိုခဲ့ကြပါသည်။

အသိသက်သေဆရာတော်များ
  1. ဦးအဂ္ဂဓမ္မနှင့် ဦးလာဘ၊ ရိပ်သာကျောင်း၊ လွိုင်ကော်မြို့
  2. ဦးမာလာနှင့် လောလာလီ့ဆရာတော် မင်းကျောင်း၊ လွိုင်ကော်မြို့
  3. ဦးအာဒိစ္စနှင့် ဦးနန္ဒန ၊ ရွှေကျောင်း၊ လွိုင်ကော်မြို့
  4. ဦးမေဓာဝီနှင့်ခန်းနေရဟန်းတစ်ပါး ၊ ဉတ္တရာရုံကျောင်း၊ လွိုင်ကော်မြို့
  5. ဓမ္မစကြာကျောင်း ဆရာတော်နှင့် ခန်းနေရဟန်းတစ်ပါး
  6. လောဓမ္မကျောင်းဆရာတော်နှင့် ခန်းနေရဟန်းတစ်ပါး လွိုင်ကော်မြို့
  7. ဦးသူရိယနှင့် ခန်းနေရဟန်းတစ်ပါး၊ ဗဟိုကျောင်း၊ လွိုင်ကော်မြို့
  8. ပုဗ္ဗာရုံဆရာတော်နှင့် တပည့်သံဃာတော်များ(၃၀)ပါး၊ လွိုင်ကော်မြို့
  9. ဦးပညာသာမိ၊ ဦးနရိန္ဒ ရွှေတောင်ကျောင်း၊ လွိုင်ကော်မြို့
  10. (၂၅၀၀)ကုန်းဆရာတော်နှင့် ခန်းနေရဟန်းသုံးပါး လွိုင်ကော်မြို့
  11. အသောကကျောင်းဆရာတော်နှင့် ခန်းနေရဟန်းနှစ်ပါး လွိုင်ကော်မြို့
  12. ဦးဝါယာမနှင့်ခန်းနေရဟန်းလေးပါး၊ လွိုင်ကော်မြို့
  13. ပစ္ဆိမာရုံကျောင်းရဟန်းတစ်ပါး၊ လွိုင်ကော်မြို့
  14. ဝါဆိုကျောင်းဆရာတော်နှင့်ခန်းနေရဟန်းတစ်ပါး၊ လွိုင်ကော်မြို့
  15. မိုင်းလုံးကျောင်းဆရာတော် လွိုင်ကော်မြို့
  16. ပန်ကန်းကျောင်းဆရာတော်နှင့်ခန်းနေရဟန်းတစ်ပါး၊ လွိုင်ကော်မြို့
  17. ဦးသုန္ဒရနှင့် ခန်းနေရဟန်းတစ်ပါး တောရဂူကျောင်း၊ လွိုင်ကော်မြို့
  18. ဆရာတော်ဦးဓမ္မပါလ မူလမင်းကွန်းဇေတဝန်ကျောင်း၊ တောင်ကြီးမြို့
  19. ရပ်တော်မူကျောင်းဆရာတော်နှင့် ဦးကောဝိဒ၊ ဦးဉတ္တမ မိုးနဲ
  20. မော်ချီးကျောင်းဆရာတော် ဖားဆောင်းမြို့
  21. ဆိုင်ခွန်ကျောင်းဆရာတော် ဖယ်ခုံမြို့နယ်။
  22. ဒေါဉခူကျောင်းဆရာတော် လွိုင်ကော်မြို့
  23. ဆရာတော် ဉီးပဏ္ဍဝ နတ်တောကျောင်း ဖယ်ခုံ
  24. ဆရာတော် ဉီးဣန္ဒက ဂန္ဓာရုံကျောင်း၊ ကျိုက်ဝိုင်း၊ ရန်ကုန်
  25. ကျောင်းဒကာဉီးချစ်ဖေနှင့် ငါးရာကျော်ရှိသော ကထိန်ပွဲလာဒကာများ
အထက်ပါ ဆရာတော်သံဃာတော်များနှင့် ကထိန်ပွဲတော်လာ လူပရိသတ်များ အယောက် ငါးရာကျော်တို့အား အသိသက်သေများ ဖြစ်ပါသည်။

ဆရာတော်ဉီးဂုဏပီယသည် မိမိစာသင်တိုက်စတင်တည်ထောင် တာဝန်ယူသောနေ့မှ စ၍ ကျောင်းထိုင်ဘုန်းကြီးဘဝ ရောက်သည့်တိုင် သက်ဆိုင်ရာ ကျောင်းတိုက်အုပ်ချုပ်မှု အပိုင်းနှင့် အဆောက်အဦးပိုင်းများကို ဘက်စုံတိုးတက်အောင် ကြိုးစားအားထုတ်ခဲ့လေ၏၊ အထူးသဖြင့် စာပေပို့ချမှုဆိုင်ရာဖြစ်သည့် ပညာရေးပိုင်းကို ဉီးစားပေး လုပ်ဆောင်ပေ၏၊ တဘက်မှာလည်း ဒကာတွေအတွက် တရားရေအေး တိုက်ကျွေးပေးခဲ့၏၊ ဤသည်နှင့် မိမိဆိုင်ရာလုပ်ငန်းများကို နှစ်စဉ်နှစ်တိုင်း အဟုန်တိုးတက်မှုများ ရှိလာခဲ့၏၊ ဆရာတော်၏ ကြိုးစားမှုနှင့် သီလ သမာဓိ ပညာ ကြီးမားပုံကို နယ်သူနယ်သားများသာမက တိုင်းပြည် အုပ်ချုပ် မင်းလုပ်သော အစိုးရများပါမကျန် ကြည်ညိုလေးစားခဲ့ကြ၏၊ သို့ဖြစ်၍ နိုင်ငံတော် အစိုးရက ဆရာတော်အား ၁၃၅၃-ခုနှစ်တွင်“အဂ္ဂမဟာပဏ္ဍိတ” ဘွဲ့တံဆိပ်တော်ကို ဆက် ကပ်လေသည်၊ ထို့ပြင် ဆရာတော်သည် တဘက်မှာ နိုင်ငံတော်အဆင့်ဖြစ်သည့် နိုင်ငံတော် ဗဟိုသံဃာ့ဝန်ဆောင်၊ နိုင်ငံတော် သံဃဝိနိစ္ဆယ တာဝန်များကိုလည်း ထမ်းဆောင်ခဲ့ရသေး သဖြင့် ပုဗ္ဗာရုံစာသင်တိုက် အကြောင်းကို ပို၍ပင် အရေးပါ အရာရောက်သော ကယား ပြည်နယ် ဂုဏ်ဆောင် စာသင်တိုက်ကြီး တစ်တိုက်ဖြစ်လေတော့၏။

ပုဗ္ဗာရုံစာသင်တိုက်ကြီးသည် အချိန်ကာလများဖြင့် တိုးတက်အောင်မြင်မှုများ အရှိန်အဟုန် ရှိလာခဲ့၏၊ မိမိကျောင်းတိုက်မှ အခြားဒေသအသီးသီးတွင် သာသနာပြုနေကြသော တပည့်သံဃာများလည်း ရှိသလို ဤကျောင်း တိုက်တွင် စာသင်စာချနေကြသော သံဃာများလည်း နှစ်စဉ်နှစ်တိုင်း ရာချီရှိလေသည်၊ သို့ဖြစ်၍ ၁၃၅၇-ခုနှစ်၊ တပို့တွဲလဆန်း(၆)ရက်နေ့တွင် ဆရာတော် ဘုရားကြီးဘဒ္ဒန္တဂုဏပီယ(အဂ္ဂမဟာပဏ္ဍိတ)က မိမိရပ်ဝေး ရပ်နီးတပည့် သံဃာများနှင့် ဒါယကာ ဒါယိကာမများကို ဦးဆောင်ပြီး (၂၅)နှစ်ပြည့် ငွေရတု သဘင်ပွဲတော်ကို စည်ကားသိုက်မြိုက်စွာဖြင့် ကျင်းပနိုင်ခဲ့ပါသည်။ ထိုချိန်တွင် ဤကျောင်း တိုက်ကြီးကို ဆရာတော်ဘုရားကြီးနှင့်အတူ လက်တွဲဖော် တိုက်အုပ်ဆရာတော်မှာ အရှင် သုဘောဂါဘိပါလ(လက်ရှိ နိုင်ငံတော် သံဃမဟာနာယကအဖွဲ့) လဲချားမြို့၊ ဟော်ခမ်း ကျောင်း၊ ဆရာတော်ပင် ဖြစ်ပါသည်။

ထိုချိန်တွင် ငွေရတုပွဲသဘင် အထိမ်းအမှတ်အဖြစ် ဆရာတော်ဘုရားကြီးက အောက်ပါ အဆောက်အဦးများဖြင့် ဆောက်လုပ်လှူဒါန်းထားသည်ကို တွေ့ရပါသည်၊ ၎င်းသည်

  1. ဓမ္မဝိနယ(၂)ထပ်ဆောင်
  2. တက္ကသီလာဆောင်(၂)ထပ်
  3. စောင်းတန်း
  4. ကုဋီ၊ ရေချိုးခန်းစသည်တို့ဖြစ်ပါသည်။

ပုဗ္ဗာရုံပရိယတ္တိစာသင်တိုက်တွင် နေထိုင်ကြပြီး စာချစာသင်နေကြသော သံဃာတော် များသည် တိုင်းရင်းသားပေါင်စုံ သံဃာတော်များဖြစ်ကြပါသည်၊ လူမျိုးကိုအခြေခံပြီး တည် ထောင်သော စာသင်တိုက် မဟုတ်ချေ၊ သို့သော် များသောအားဖြင့် တောင်ပေါ်ဒေသရှိ သံဃာ တော်များဖြစ်ကြ၏၊ လူမျိုးရေးနှင့် နိုင်ငံရေးကို အခြေမခံပေ၊ ပညာရေးကို အခြေခံ၍ တည် ထောင်သည့်စာသင်တိုက် ဖြစ်၏၊ တောင်ပေါ်ဒေသရှိ တိုင်းရင်းသားများကို ပရိယတ္တိပိုင်း ဆိုင်ရာ သင်ယူလေ့လာဖို့ လွယ်ကူစေရန် ရည်ရွယ်၍ တည်ထောင်ခဲ့သည်၊ အထူးသဖြင့် မြတ်ဗုဒ္ဓ၏အဆုံးအမတော်တွေကို လူမျိုးစုံနှလုံးသားထဲသို့ စိမ့်ဝင်ကျိန်းအောင်းနိုင်အောင် အဓိကဖြစ်ပေ၏၊ သို့ဖြစ်၍ ဆရာတော်ဘုရားကြီးသည် ၁၃၆၂-ခုနှစ်၊ ဝါခေါင်လဆန်း (၃) ရက်၊ (၂.၈.၂၀၀၀)ဗုဒ္ဓဟူးနေ့၊ နံနက်(၈:၀၀)နာရီချိန်တွင် မိမိတည်ထောင်သော ကျောင်း တိုက်ကြီးကို အရှိန်အဟုန် မပျက်စေရန်အတွက် ရည်သန်ပြီး ကျောင်းတိုက်အုပ်ချုပ်ရေး စနစ်ကို ပြန်လည်ပြောင်းလဲ အုပ်ချုပ်စေခဲ့ပါသည်၊ ၎င်းတို့သည်

  1. အရှင်ခေမိန္ဒာဘိပါလ (သာသနဓဇဓမ္မာစရိယ)ကို တိုက်အုပ်ဆရာတော်အဖြစ်
  2. အရှင်သုဘောဂါဘိပါလ (သာသနဓဇဓမ္မာစရိယ)ကို ပထမတိုက်ကြပ်
  3. အရှင်ဂန္ဓမာဘိပါလ(သာသနဓဇဓမ္မာစရိယ၊ ဝိနယဝိဒူ)ကို ဒုတိယတိုက်ကြပ်အဖြစ် ဆရာတော်ဘုရားကြီး၏ ကြီးကြပ်မှုအောက်တွင် အစဉ်ကျကျ ထားရှိပြီး ကျောင်းတိုက်တိုးတက် ရာတိုးတက်ကြောင်း လုပ်ငန်းများကို ဆက် လက်ထမ်းဆောင်စေတော်မူခဲ့ပါသည်။

ဤသည်နှင့် ဆရာတော်ဘုရားကြီးသည် တစ်နှစ်ပြီးတစ်နှစ် မိမိပရိယတ္တိ စာပေပို့ချမှုနှင့် သာသနာအရေးအားပေးမှုတွေကို အချိန်ကျော်လာခဲ့ရာမှ ဤလောက၌ နေထိုင်သူ ပုဂ္ဂိုလ်သတ္တဝါ ရုပ်ဓာတ် နာမ်ဓာတ် ဟူသမျှတို့သည် မြဲသည်ဟူ၍ပင် မရှိပါချေ၊ အမြဲပင် ပြောင်းလဲမှု အနိစ္စသဘောတရားနှင့် ရင်ဆိုင်ရမည်သာ မလွဲသဖြင့် ၁၃၆၃-ခုနှစ်၊ နယုန်လဆန်း(၅)ရက်၊ စနေနေ့ နံနက်အချိန်တွင် ဘဝနတ်ထံပျံလွန်သွားခဲ့လေသည်၊ ဆရာတော်သည် နှစ်(၃၀)လုံးလုံး မိမိဘဝကို သာသနာထဲတွင် ရင်းနှီးမြုပ်နှံခဲ့သဖြင့် သာသနာအတွက် အလွန်တာဝန်ကျေသော သီလ သမာဓိ ပညာပြည့်စုံသော သာသနာ့ အာဇာနည် ဆရာတော်တစ်ပါး ဖြစ်ပါသည်။

လောက၌နေသော ရဟန်းရှင်လူများသည် မိမိခိုကိုးရာမရှိသည့်နောက် ပိုင်းတွင် ပူဆွေးမှုများ ဖြစ်စမြဲပင်ဖြစ်၏၊ ဤသည်မှာ ပုထုဇဉ်လူသားများပင်ဖြစ်၏၊ ဤကျောင်း တိုက်ကြီးကို မိမိဆရာသမား အမွေပေးခဲ့သည့်အတိုင်း တပည့်များက ဆက်လက် ပခုံးပြောင်း ယူရမှာဖြစ်၏၊ သို့ဖြစ်၍ ကောဇာသက္ကရာဇ် ၁၃၆၃-ခုနှစ်၊ ပထမဝါဆိုလဆန်း(၁၄)ရက်၊ ဗုဒ္ဓဟူးနေ့ နေ့လည်(၁၂:၀၀) ချိန်၌ ဆရာတော်ဘဒ္ဒန္တဂုဏပီယ(အဂ္ဂမဟာပဏ္ဍိတ၊ နိုင်ငံတော် ဗဟိုသံဃာ့ ဝန်ဆောင်) လမ်းညွှန်လျာထားသည့်အတိုင်း အနယ်နယ် အရပ်ရပ်၌ ကျောင်း ထိုင်နေကြသော တပည့်ကြီးများကို သြဝါဒါစရိယဆရာတော်အဖြစ် ထားရှိ၍ -

  1. အရှင် ခေမိန္ဒာဘိပါလ (သာသနဓဇဓမ္မာစရိယ) တိုက်အုပ်ဆရာတော်ကို နာယကဆရာတော် အဖြစ်၎င်း
  2. အရှင်သုဘောဂါဘိပါလ(ပရိယတ္တိသဒ္ဓမ္မပါလ ဓမ္မာစရိယ) ပထမတိုက်ကြပ် ဆရာတော်ကို တိုက်အုပ်ဆရာတော်အဖြစ်၎င်း
  3. အရှင်ဂန္ဓမာဘိပါလ(သာသနဓဇ ဓမ္မာစရိယ၊ ဝိနယဝိဒူ) ဒုတိယတိုက် ကြပ်ဆရာတော်ကို တိုက်ကြပ်ဆရာတော်အဖြစ်၎င်း သိဿာနုသိဿတပည့် အဆင့်ဆင့်အုပ်ချုပ်မှုစနစ်ဖြင့် သတ်မှတ်ထားရာမှာ- ၎င်း ဆရာတော်(၃)ပါးတို့အား ပုဗ္ဗာရုံပရိယတ္တိစာသင်တိုက်ကြီးကို ဆက်လက်ထိမ်းသိမ်းသွားရန် အပ်နှံ လှူဒါန်းခဲ့ပါသည်။
သြဝါဒါစရိယအဖြစ် ဆရာတော်ဘုရားကြီး၏တပည့်ကြီးများ
  1. အရှင်မုနိန္ဒ မယ်စဲ့ကျောင်း၊ မယ်စဲ့မြို့၊ ကယားပြည်နယ်
  2. အရှင်ပဏ္ဍိစ္စ ရေဦးပရိယတ္တိစာသင်တိုက်၊ သီပေါမြို့၊ ရှမ်းပြည်နယ်
  3. အရှင်ဝိလာသ ပန်လွန်ကျောင်း၊ ဆီဆိုင်မြို့နယ်၊ ရှမ်းပြည်နယ်
  4. အရှင်နန္ဒဝံသ ကုန်းပြင်းကျောင်း၊ မိုင်းပန်မြို့၊ ရှမ်းပြည်နယ်
  5. အရှင်သြသဓ ဟတ်ကာခမ်းကျောင်း၊ တာချီလိတ်မြို့၊ ရှမ်းပြည်နယ်
  6. အရှင်သုဇာတ ကန်ဦးကျောင်း၊ ကွန်ဟိန်းမြို့၊ ရှမ်းပြည်နယ်
  7. အရှင်ပညာဝံသ မန်အိုင်ကျောင်း၊ လားရှိုးမြို့၊ ရှမ်းပြည်နယ်
  8. အရှင်ကဝိန္ဒ ကန်သာယာကျောင်း၊ ကြည့်မြင်တိုင်၊ ရန်ကုန်
  9. အရှင်ကောသလ္လ ဖိုးဗျားဇေတဝန်ကျောင်း၊ ဒီမော့ဆိုမြို့နယ်၊ ကယားပြည်နယ်
  10. အရှင်စန္ဒဝရ ရွှေကျောင်း၊ သိန္နီမြို့၊ ရှမ်းပြည်နယ်
  11. အရှင်ဝေပုလ္လ ရတနာသီရိစာသင်တိုက်၊ လွိုင်ကော်မြို့၊ ကယားပြည်နယ်
  12. အရှင်နန္ဒန နားကွယ်ကျောင်း၊ လွိုင်ကော်မြို့နယ်၊ ကယားပြည်နယ်
  13. အရှင်မေဓာနန္ဒ ဝမ်ဆန်းကျောင်း၊ လဲချားမြို့နယ်၊ ရှမ်းပြည်နယ်
  14. အရှင်ဝိဇယ မွေတော်စာသင်တိုက်၊ ဖားဆောင်းမြို့၊ ကယားပြည်နယ်။
ကျောင်းဂေါပကအဖွဲ့များ
    နာယကအဖွဲ့
  1. ဦးအောင်သိန်း
  2. ဦးကြံအောင်
  3. ဦးဋ္ဌေးမောင်
    ဂေါပကအဖွဲ့
  1. ဦးအုန်းဖေ (ဉက္ကဋ္ဌ)
  2. ဦးဌေးအောင် (ဒု-ဉက္ကဋ္ဌ)
  3. ဦးအောင်သန်းလင်း (အတွင်းရေးမှူး)
  4. ဦးလှဖေ (တွဲဖက်အတွင်းရေးမှူး)
  5. ဦးထွေးမောင် (ဘဏ္ဍာရေးမှူး)
  6. ဦးချစ်လှိုင် (အဖွဲ့ဝင်)
  7. ဦးစိန်အုပ် (အဖွဲ့ဝင်)
  8. ဦးစံငြိမ်း (အဖွဲ့ဝင်)
  9. ဦးတိုးအောင် (အဖွဲ့ဝင်)
  10. ဦးဘစိန် (အဖွဲ့ဝင်)
  11. ဦးစံမြ (အဖွဲ့ဝင်)
  12. ဒေါ်တင်ရွှေ (အဖွဲ့ဝင်)
  13. ဒေါ်စန်းရီ(ခ)မာမီကြီး (အဖွဲ့ဝင်)
  14. ဒေါ်အုန်းပွင့် (အဖွဲ့ဝင်)
  15. ဒေါ်သန်းမြ (အဖွဲ့ဝင်)
အသိသက်သေများ
  1. ပြည်နယ်ဉက္ကဋ္ဌဆရာတော် ဘဒ္ဒန္တကေသရဓဇ၊ ဝိမုတ္တိရိပ်သာကျောင်း၊ လွိုင်ကော်မြို့
  2. ပြည်နယ်အကျိုးတော်ဆောင်ဆရာတော် ဘဒ္ဒန္တပညာဝံသ၊ ဉတ္တရာရုံစာသင်တိုက်၊ လွိုင်ကော်မြို့
  3. မြို့နယ် ဉက္ကဋ္ဌဆရာတော် ဘဒ္ဒန္တပညိန္ဒသီရိ၊ ဝါဆိုကျောင်း၊ လွိုင်ကော်မြို့
  4. မြို့နယ်အကျိုးတော်ဆောင်ဆရာတော် ဘဒ္ဒန္တနေမိန္ဒ၊ မြို့ဦးကျောင်း၊ လွိုင် ကော်မြို့
  5. ရှမ်းပြည်နယ်လုံးဆိုင်ရာ ပရိယတ္တိသဒ္ဓမ္မပါလ အကျိုးတော်ဆောင် ဆရာတော် (မဟာဂန္ထဝါစက ပဏ္ဍိတ၊ နိုင်ငံတော်ဗဟို သံဃာ့ဝန်ဆောင်) ဘဒ္ဒန္တပညာနန္ဒ၊ ဓာတ်တော်ပရိယတ္တိစာသင်တိုက်၊ လွိုင်လင်မြို့၊ ရှမ်းပြည်နယ်
  6. ပြည်နယ်သာသနာရေးဦးစီးမှူး ဦးထင်ဇော်၊ လွိုင်ကော်မြို့၊ ကယားပြည် နယ်
  7. မင်္ဂလာရပ်ကွက် အေးချမ်းသာယာရေးနှင့်ဖွံ့ဖြိုးရေးကောင်စီ ဉက္ကဋ္ဌ ဦးလှဖေ
  8. မင်္ဂလာရပ်ကွက်၊ အေးချမ်းသာယာရေးနှင့်ဖွံ့ဖြိုးရေးကောင်စီ အဖွဲ့ဝင်(၁) ဦးကျော်မြင့် တို့ဖြစ်ကြပါသည်။

ဆရာတော်ဘဒ္ဒန္တခေမိန္ဒာဘိပါလ သုံးပါးတို့သည် ဆရာသမားချမှတ်ခဲ့သော ကျောင်းတိုက်စည်းကမ်းများနှင့် အမွေပေးထားသော ပရိယတ္တိသာသနာ လုပ်ငန်းစဉ်များကို အစဉ်မပျက်စေရန် နေစဉ်နှင့်အမျှ တက်ညီလက်ညီဖြင့် ထမ်းဆောင်လာခဲ့ပါသည်၊ စာသင်သား သံဃာများလည်း တစ်နှစ်ထက်တစ်နှစ် တိုးပွားလာခဲ့ပြီး ငါးရာအထိ ရှိလာခဲ့၏၊ ၎င်းတို့ စာသင်သားသံဃာများအတွက် ပူပန်မှုမရှိစေရန်လည်း ဆွမ်း၊ သင်္ကန်း၊ ကျောင်း၊ ဆေး များကို ခေတ်နှင့်အညီ ပြုပြင်ပြောင်လဲ လုပ်ဆောင်၏၊ အထူးသဖြင့် ဆောက်လုပ်ရေး ပိုင်းတွင် အတော်ပင် တိုးတက်ပြောင်းလဲလာခဲ့၏၊ ဆရာတော်ဘုရားကြီး ပျံလွန်တော်မမူခင် မျှော်မှန်းထားခဲ့သည့် ကျောင်းအဆောက်အဦးများကို တစ်နှစ်ထက်တစ်နှစ် တိုးတက် တထက်တိုးတက်အောင် ကြိုးစားအားထုတ်လာခဲ့သည်ကို မျက်ဝါးထင်ထင် တွေ့မြင်နေရ ခြင်း ဖြစ်ပါသည်။

ဆရာတော်သည် ကျောင်းတိုက်နာယက တာဝန်များကို စတင်ယူပြီး သည့်နောက် ပိုင်းတွင် ပရိယတ္တိစာပေသင်ကြားပို့ချမှု၊ သာသနာမထွန်းကားသေးသော တောအရပ်ဒေသ၌ ထွန်းကားစေရန် တရားရေအေးတိုက်ကျွေးမှု၊ သံဃာ့အဖွဲ့အစည်းများထဲတွင် ပါဝင်ထမ်း ဆောင်မှု၊ ပရိယတ္တိစာပြန်ပွဲများ၌ ပါဝင်လုပ်ဆောင်မှုစသော လုပ်ငန်းများကို နေ့မနား ညမအားပဲ ကြိုးစား အားထုတ်လာခဲ့ရာ “ဂန္ထဝါစက ပဏ္ဍိတ ဘွဲ့တံဆိပ်၊ မဟာဂန္ထဝါစက ပဏ္ဍိတ ဘွဲ့တံဆိပ်၊ အဂ္ဂမဟာဂန္ထဝါစက ပဏ္ဍိတ ဘွဲ့တံဆိပ်တော်”များကို တိုင်းပြည် အုပ်ချုပ် မင်းလုပ်သူ အစိုးရအဆက်ဆက် ဆရာတော်အား ထိုက်ထိုက်တန်တန် ဆက်ကပ်လှူဒါန်း ခြင်း ခံရပေသည်။

၁၃၈၂-ခုနှစ်၊ ကဆုန်လဆန်း(၇-မှ ၁၂)အထိတွင် စာသင်တိုက်တည် နှစ်(၅၀)ပြည့် လာသဖြင့် ရွှေရတုပွဲတော်အထိမ်းအမှတ်အဖြစ် လုပ်ဆောင်ရန် လိုအပ်လာ၏၊ သို့ဖြစ်၍ ဆရာတော်သည် မိမိတပည့်သံဃာများနှင့် ရပ်ဝေးရပ်နီးဒကာ ဒကာမများတို့အား ဦးစီးဦး ဆောင်ကာ ဇွဲလုံးလမလျော့ဘဲ (၁၁)နှစ်ကြာ အချိန်ယူပြီး ဆောက်လုပ်ထားသော အလျား (၁၂၆)ပေ၊ အနံ (၈၆)ပေ၊ ခန့်မှန်းကာလ တန်ဖိုးကျပ်ငွေ သိန်းပေါင်း(၁၀၀၀၀)ကျော်ရှိ သုံးထပ်“ပရိယတ္တိပါလ” ဆွမ်းစားကျောင်းဆောင်ကြီးကို ရွှေရတုသဘင်ပွဲတော်နှင့်အတူ ရေစက်ချပွဲတော် စည်ကားသိုက်မြိုက်စွာဖြင့် ကျင်းပခဲ့ကြပါသည်၊ ဤပွဲတော်သည် ပင့်ကျောင်းပေါင်း (၅၀၀) ရှိသဖြင့် ကယားပြည်နယ်တွင်း၌ မှီတင်းနေထိုင်ကြသော ဗုဒ္ဓဘာသာ ဝင် တိုင်းရင်းသားပေါင်း စုံများတို့က ကုသိုလ်ထူးကြုံခွင့် ပြုခွင့်လေးတွေ ရသွားလေ၏။

အထက်ပါ ပုဗ္ဗာရုံပရိယတ္တိစာသင်တိုက် သမိုင်းကြောင်းကို အနည်း အကျဉ်းမျှ လောက်သာ ဖော်ပြခဲ့ရပါသည်၊ ပြည့်စုံလုံလောက်သည့်သမိုင်းများ မဖြစ်နိုင်ချေ၊ သို့သော် လိုအပ်သော အတိုင်းအတာတစ်ခုမျှသာ ဖြစ်သည်ဟု စာရေးသူ အနေဖြင့် ခံယူထားပါသည်။ မည်သည့်ပင်ဆိုစေ ကယားမြေပေါ်၌ ပထမဦး ဆုံးစာသင်တိုက်ဖြစ်သဖြင့် ခေတ်အဆက် ဆက်ဦးစီးဦးဆောင်သော ဆရာတော်ဘုရားကြီးများနှင့် ထောက်ပံ့လှူဒါန်းကြသော ဒါယ ကာ ဒါယိကာမများကို ဂုဏ်ယူရမည်သာ အမှန်ပင်ဖြစ်၏၊ စာသင်တိုက်၏သက်တမ်း ကြာလာသည့်အလျှောက် (၂၅)နှစ်ပြည့်ငွေရတုသဘင်ပွဲတော်၊ ယခု (၁၃၈၂)-နှစ်တွင် ထပ်မံ ၍ (၅၀)နှစ် ပြည့်ရွှေရတုအထိမ်းအမှတ်ပွဲတော်ကို ကျင်းပနိုင်ခဲ့ပါသည်၊ ဤသည်နှင့် (၂၁)ရာစု၌ ကျင်းပအပ်သော ကယားပြည်နယ်တွင်းရှိ ပွဲလမ်းသဘင်များတွင် အစည်ကားဆုံးသော ဘာသာရေးပွဲတော်တစ်ခုဖြစ်သဖြင့် ပန်းမျိုးစုံလို ဖူးပွင့်နေသော ကယားပြည်နယ်၏ ဂုဏ်ဆောင်သဖွယ် သမိုင်းအလှတရားများတွင် တစ်ခုအပါအဝင်သမိုင်းသွင်သွားကြောင်းကို ရေးသားတင်ပြအပ်ပါသည်။

    မှီငြမ်း-
  1. ပုဗ္ဗာရုံဆရာတော် ဘဒ္ဒန္တဂုဏပီယ မှတ်တမ်းစာအုပ်
  2. ပုဗ္ဗာရုံပရိယတ္တိစာသင်တိုက် ငွေရတုစာစောင်

အရှင်နန္ဒဓဇ(မိုင်းပန်)
သာသနတက္ကသီလဓမ္မာစရိယB.A Buddhism,M.A Sri Lanka)
ပုဗ္ဗာရုံစာသင်တိုက်၊ လွိုင်ကော်မြို့

မှတ်ချက်ပေးရန်

အကြံပေး မေးမြန်းလိုလျှင် ဒီထဲမှာမှတ်ချက်ပေးခဲ့ပါ။